ဘယာလေဗာကူဆင် ၄ - ၄ ရိုးမား
ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ၃ ၏ ပထမနေ့ ပွဲစဉ်အားလုံးတွင် စိတ်လှုပ်ရှားစရာ အကောင်းဆုံး ပွဲစဉ်ဖြစ်ပြီး နှစ်သင်းပေါင်း ၈ ဂိုးထိ သွင်းယူခဲ့ကြသည်။ ပွဲအစ ၄ မိနစ်တွင် လေဗာကူဆင် တိုက်စစ်ကို တားဆီးရန် ကြိုးစားရင်း ရိုးမား နောက်ခံလူ ဗာဆီလစ် တိုရီုဆီဒစ် ဧရိယာထဲတွင် ဘောလုံးနှင့်လက် ထိမိပြီး ပင်နယ်တီ ပေးခဲ့ရသည်။ အဆိုပါ ပင်နယ်တီကို ဟာဗီးယား ဟာနန်ဒက်ဇ်က အမှားအယွင်းမရှိ ကန်သွင်းပြီး အိမ်ရှင်ဂျာမန်အသင်း ပွဲကို ဦးဆောင်ခဲ့သည်။ ၁၉ မိနစ်တွင် လေဗာကူဆင် ခံစစ်မှူးများကြားမှ လူကျွံထောင်ချောက်ကို ပါးပါးနပ်နပ် ဖောက်ထွက်သွားသည့် ဟာနန်ဒက်ဇ်က ဂိုးသမား ဝိုဆစ်ခ်ျ ဆက်ဇီနီနှင့် တစ်ဦးချင်း အတွေ့တွင် နှစ်ဆင့် ကန်သွင်းကာ ဒုတိယဂိုး ရယူခဲ့သည်။ ၂၉ မိနစ်တွင် ထောင့်ကန်ဘောမှ ကျလာသည့် ဘောလုံး ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေစဉ် ကော့စ်တက်စ် မာနိုလက်စ် ချပေးသည်ကို ဒန်နီရယ်လ် ဒီရော့ဆီက ရင်ဘတ်ဖြင့် တစ်ချက်တားကာ ဧရိယာထဲမှ အပိုင်ကန်သွင်းပြီး ရိုးမားတို့ တစ်ဂိုးပြန်လည် ချေပသည်။ ၃၁ မိနစ်တွင် ထောင့်ဖြတ်ဘောကို ဟာနန်ဒက်ဇ် အပိုင်ပိတ်သွင်းမှု မြေထောက်ပြီး ဂိုးဘားပေါ် ကျော်သွားသဖြင့် မက္ကဆီကို လက်ရွေးစင် တိုက်စစ်မှူး အနေဖြင့် Hat-Trickရမည့် အခွင့်အရေး လွဲချော်သွားသည်။ ၃၈ မိနစ်တွင် မီရာလမ် ယာနစ်ခ်ျ ကန်တင်ပေးသည့် ပြစ်ဒဏ်ဘောကို လူကပ်မခံထားရသည့် ဒီရော့ဆီကပင် လွတ်လွတ်ကျွတ်ကျွတ် ပိတ်သွင်းကာ ရိုးမားတို့ ဒုတိယ ချေပဂိုး ရရှိခဲ့ပြန်သည်။ ၅၄ မိနစ်တွင် ယာနစ်ခ်ျက ဘီးကုပ်ထိပ်နားတွင် ရရှိသည့် ပြစ်ဒဏ်ဘောကို လှလှပပ ကန်သွင်းကာ ဧည့်သည်အသင်း ပွဲကို တစ်ကျော့ပြန် ဦးဆောင်လာခဲ့သည်။ ထိုအချိန်ထိ ရိုးမားရလာသည့် ၃ ဂိုးစလုံး တည်ကန်ဘောများကို အခြေခံနေသည်ကို တွေ့ရသည်။ ၇၃ မိနစ်တွင် ဂါဗင်ဟို ဘယ်ခြမ်းမှ ထိုးဖောက် တိုးဝင်လာပြီး ခင်းပေးသည်ကို လူစားဝင် တိုက်စစ်သမား အိုင်ဂို ဖယ်လ်ကယူက ဝင်ပိတ်ပြီး ရိုးမားတို့ ၄-၂ ဖြင့် ဦးဆောင် ကစားခွင့် ရလာခဲ့သည်။ ၈၄ မိနစ်တွင် လေဗာကူဆင် ကွင်းလယ်လူ ကီဗင်ကမ်ပယ်လ်က ဘီးကုပ်အစွန်းနားမှ တိကျသော ကန်ချက်ဖြင့် ချေပဂိုး သွင်းယူခဲ့သည်။ ၈၆ မိနစ်တွင် ကမ်ပယ်လ် မျှောထုတ်ပေးသည်ကို ဘယ်ခြမ်းမှ ပြေးတက်လာသည့် ဝမ်ဒဲလ်က ချိုးပေးလိုက်ရာ အက်ဒ်မာ မာဟ်မာဒီက အလိုက်သင့် ပိတ်သွင်းပြီး စတုတ္ထ ချေပဂိုး ရရှိကာ ၄-၄ ဖြင့် ပွဲသိမ်းခဲ့သည်။
အခြားပွဲစဉ်များတွင် အိုလံပီယာကော့စ်က အဝေးကွင်းတွင် ဒိုင်နမို ဇာဂရက်ဘ်ကို ၁-၀ ဖြင့် အနိုင်ရခဲ့ပြီး ပေါ်တိုက မက္ကာဘီ ဟိုင်ဖာကို အိမ်ကွင်းတွင် ၂-၀ ဖြင့် အနိုင်ရခဲ့သည်။ ဗလန်စီယာက ဂျန့်ကို အိမ်ကွင်းတွင် ၂-၁ ဖြင့် အနိုင်ရခဲ့ပြီး ဇင်းနစ် စိန့်ပီတာစဘာ့ဂ်ကလည်း အိုလံပစ် လိုင်ယွန်ကို အိမ်ကွင်းတွင် ၃-၁ ဖြင့် ဂိုးပြတ် အနိုင်ယူခဲ့သည်
credit===7daydaily
အောင်မြင့်မြတ်
No comments:
Post a Comment