Friday, October 16, 2015

သမိုင်းသစ်ဖန်တီးခဲ့တဲ့ဘယ်လ် ဂျီယန်


အရာရာအနီရောင်လွှမ်းနေတယ်။ ဘရပ်ဆဲလ်မြို့တော်က ပရိသတ်၄၂,၀၀၀ ဝင်ဆံ့တဲ့ ဘော်ဒူအင်းဘုရင် အားကစားကွင်းကြီးရဲ့ ပွဲကြည့်စင်တစ်ခုလုံး နီမြန်းတောက်ပနေတယ်။ လူတိုင်းလူတိုင်းက မြက်ခင်းပြင်ပေါ်မှာ ပြေးလွှားလှုပ်ရှားနေတဲ့ အနီရောင်ဂျာစီဝတ်အသင်းကို အူလှိုက်သည်းလှိုက်အားပေးနေကြတယ်။ အနီရောင်အသင်း တစ်ဂိုးသွင်းလိုက်တိုင်း ပရိသတ်တွေကစိတ်လှုပ်ရှားခြင်းကြီးစွာနဲ့ ကောင်းချီးပေးအော်ဟစ်နေကြတယ်။ တကယ်တော့ အစ္စရေးနဲ့ကစားတဲ့ ပွဲစဉ်ဟာ ဘယ်လ်ဂျီယံလက်ရွေးစင် အသင်းအတွက် အနိုင်အရှုံးရလဒ်အရေးမပါတော့ပါဘူး။ သူတို့ဟာ ဒီပွဲနိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ ဥရောပဖလားမှာ ပါဝင်ကစားဖို့ ခြေစစ်ပွဲအောင်မြင်ထားပြီးသား ဖြစ်ပါတယ်။

 ဒါပေမဲ့ ဘယ်လ်ဂျီယံတစ်သင်းလုံး အိမ်ခံပရိသတ်ရှေ့မှောက်မှာ အစွမ်းကုန်အားထည့်ကြိုးစားပြီး အနိုင်ကစားခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ဒီနိုင်ပွဲဟာ သူတို့ကို ကမ္ဘာ့နံပါတ်တစ်လက်ရွေးစင် ဘောလုံးအသင်းအဖြစ် ထည်ထည်ဝါဝါရပ်တည်ခွင့်ရအောင် တွန်းပို့ပေးမှာ ဖြစ်တာကြောင့်ပါပဲ။ သမိုင်းကြောင်းအရ ခမ်းခမ်းနားနားမရှိလှတဲ့ ဘယ်လ်ဂျီယံ လက်ရွေးစင်အသင်းအတွက်တော့ ဒါဟာ အိပ်မက်ဆန်လွန်းနေပါတယ်။ဒါကြောင့်လည်း ဘယ်လ်ဂျီယံဟာ အစ္စရေးကို ၃-၁ ဂိုးနဲ့ အနိုင်ရအောင် အစွမ်းကုန်ကစားခဲ့ခြင်း ဖြစ်ပါတယ်။ ဒရိုက်စ်မာတန်၊ ကီဗင်ဒီဘရွမ်း၊ အီဒင်ဟာဇက်တို့ရဲ့ သွင်းဂိုးတွေနဲ့ အောင်ပွဲခံအပြီးမှာတော့ ပရိသတ်တွေ အားလုံးက သောင်းသောင်းဖြဖြ ကောင်းချီးဩဘာပေးကြတယ်။ ဘယ်လ်ဂျီယံဘောလုံးအဖွဲ့ချုပ်ရဲ့ လူမှုကွန်ရက် တာဝန်ခံတွေက ကမ္ဘာ့နံပါတ် (၁) ဖြစ်လာကြောင်း စာရေးထားတဲ့ အောင်ပွဲခံအသင်းဓာတ်ပုံကို တွစ်တာမှာ ချက်ချင်းလွှင့်တင်ပြီး မော်ကြွားလိုက်တယ်။ ဘယ်လ်ဂျီယံဟာ ကမ္ဘာ့နံပါတ်(၁) ဖြစ်လာပါပြီ။ အာဂျင်တီးနားနဲ့ ဂျာမနီတို့ဟာ အထင်ကရ နိုင်ငံတကာ ဆုဖလားတစ်လုံးမှ မရဖူးတဲ့ ဘောလုံးနိုင်ငံလေးရဲ့ နောက်ကောက်ချခြင်းကို ခံလိုက်ရပြီ ဖြစ်ပါတယ်။


ပြောင်းလဲမှုတွေရဲ့အစ
လွန်ခဲ့တဲ့ ရာစုနှစ်ဝက်လောက်ကို ပြန်ကြည့်ရင် ဘယ်လ်ဂျီယံဆိုတာ ဥရောပမှာ ဖျက်မြင်းအဆင့်တောင် သတ်မှတ်ခံရဖို့ မသေချာတဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်။ ဘယ်လ်ဂျီယံလက်ရွေးစင်တွေဟာ ဥရောပလိဂ်ပြိုင်ပွဲတွေမှာ နေရာတစ်ခုရယူနိုင်ပေမယ့် ထည်ထည်ဝါဝါတောက်တောက်ကြွားကြွားတော့ မဖြစ်ခဲ့ပါဘူး။ ဘယ်လ်ဂျီယံပရိသတ်တွေဟာ အနီရောင်နတ်ဆိုးတွေ (Red Devils)လို့ ချစ်စနိုးခေါ်ဝေါ်ခံရတဲ့ အသင်းကို အဆင့်တစ်ခုမှာ ရပ်တည်စေချင်ပေမယ့် နိုင်ငံတကာစင်မြင့်နဲ့ ဘယ်လ်ဂျီယံအသင်းကြား သဟဇာတမဖြစ်မှုက တော်တော်လေး ကာလရှည်ကြာနေခဲ့ပါတယ်။

၂၀၀၇ ခုနှစ်၊ ဇွန်လမှာတော့ ဘယ်လ်ဂျီယံရဲ့ ဘောလုံးအဆင့်အတန်းဟာ ဆိုးဆိုးရွားရွားကျဆင်းပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ရဲ့ သတ်မှတ်ချက်မှာ အဆင့်(၇၁)ထိထိုးကျသွားတယ်။အဲဒီနောက်မှာတော့ ဘယ်လ်ဂျီယံ ဘောလုံးတော်လှန်ရေးအစပြုဖို့ တောင်းဆိုမှုတွေ မြင့်တက်လာပါတယ်။ ဒါပေမဲ့ ဘောလုံးအဖွဲ့ချုပ်ရဲ့ စီမံကိုင်တွယ်မှု အားနည်းချက်တွေ၊ ဘယ်လ်ဂျီယံဘောလုံးသမားတွေရဲ့ နိုင်ငံတကာအတွေ့အကြုံ ခေါင်းပါးမှုတွေကြောင့် ထိုက်သင့်တဲ့ အဆင့်ထိရောက်လာဖို့ ရုန်းကန်နေရဆဲ ဖြစ်နေခဲ့တယ်။



၂၀၁၀ ပြည့်နှစ် နောက်ပိုင်းမှာတော့ ဘယ်လ်ဂျီယံဘောလုံးလောကရဲ့ အလားအလာဟာ ပိုပြီးပွင့်လန်းစပြုလာပါတယ်။ ခြေစွမ်းခြေစရှိတဲ့ ဘယ်လ်ဂျီယံ လူငယ်လေးတွေကို အန်ဒါးလက်ခ်ျ၊ ဂျန့်တို့လို ပြည်တွင်းကလပ်တွေက မွေးထုတ်ပေးနိုင်ခဲ့ပြီး ဥရောပတစ်ခွင်မှာ ခြေဆန့်စပြုလာတယ်။ လက်ရွေးစင်အသင်းမှာလည်း လူဟောင်းကြီးတွေ နေရာမှာ သွေးသစ်လောင်းအစားထိုးမယ့် စီမံကိန်းတွေစပြီး ပီပြင်လာတယ်။ အဓိကအကျဆုံး အပြောင်းအလဲတစ်ချက်ကတော့ ၂၀၁၂ မှာ မက်ဝီလ်မော့တ်စ်ကို နည်းပြအဖြစ် ခန့်အပ်လိုက်ခြင်းပါပဲ။

လူငယ်စီမံကိန်းရဲ့ အသီးအပွင့်များ
ဘယ်လ်ဂျီယံလက်ရွေးစင် အသင်းမှာ လက်ထောက်နည်းပြအဖြစ် သုံးနှစ်လောက် တာဝန်ယူခဲ့ဖူးခြင်းက နည်းပြရာထူးကို ဆက်ခံချိန်မှာ ဝီလ်မော့တ်စ်အတွက် အများကြီး အကျိုးထူးစေခဲ့တယ်။ သူက ဘယ်လ်ဂျီယံဟာ အလုံးစုံ ပြောင်းလဲမှုတွေ လိုအပ်နေပြီ ဆိုတာကို သိတယ်။ အဖွဲ့ချုပ်နဲ့ ညှိနှိုင်းပြီး လူဟောင်းတွေ နေရာမှာ သွေးသစ်တွေကို အစားထိုးပြီး အမာခံထားဖွဲ့စည်းဖို့ ဆုံးဖြတ်ခဲ့တယ်။ တာဝန်ရှိသူတွေကလည်း ဝီလ်မော့တ်စ်ရဲ့ လုပ်ရပ်တွေကို ထောက်ခံအားပေးခဲ့ပါတယ်။

ဒီလိုနဲ့ ဒန်နီရယ်လ်ဗန်ဘိုင်တန်တို့ မျိုးဆက်ကို ဖြည်းဖြည်းချင်းဖယ်ထုတ်ပြီး လူငယ်တွေဖြစ်တဲ့ အီဒင်ဟာဇက်၊ မော်ရိုဖယ်လိုင်နီ၊ မူဆာဒမ်ဘီလီ၊ စတီဗန်ဒီဖောတို့ တစ်သိုက်ကို ဝီလ်မော့တ်စ်က စင်တင်လာခဲ့ပါတယ်။ တကယ်တော့ ဒါဟာ ဘယ်လ်ဂျီယံအတွက် ခေတ်သစ်တစ်ခု အစပျိုးဖို့ အချိန်အခါ တိုက်ဆိုင်ခဲ့တယ်လို့လည်း ဆိုရမှာပါ။ အရင်က ဘယ်လ်ဂျီယံ ကစားသမားတွေဟာ ဥရောပရဲ့ ဒုတိယတန်းစား၊ တတိယတန်းစားကလပ်တွေမှာပဲ နေရာရလေ့ ရှိပေမယ့် ၂၀၁၀ နောက်ပိုင်းမှာတော့ ထိပ်တန်းကလပ်တွေမှာ ပေါ်ပေါ်လွင်လွင် ခြေစွမ်းပြစပြုလာပြီ။ နိုင်ငံတကာအတွေ့အကြုံတွေ ရလာပြီ။ ဝီလ်မော့တ်စ်အတွက်တော့ ဒီလိုလူငယ်တွေကို ဦးဆောင်ပြီး ယုံယုံကြည်ကြည် နေရာပေးရတဲ့ သတ္တိပဲလိုအပ်ခဲ့တာ ဖြစ်ပါတယ်။

လူငယ်တွေရဲ့ ခြေစွာမှုနဲ့အတူ ဘယ်လ်ဂျီယံဟာ ၂၀၁၄  ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ပြီး ကမ္ဘာ့ဘောလုံး ဇာတ်ခုံပေါ်တစ်ကျော့ပြန် ရောက်ရှိလာတယ်။ ဒါဟာ ၂၀၀၂ နောက်ပိုင်း အဓိကပြိုင်ပွဲကြီးတစ်ရပ်မှာ အနီရောင်နတ်ဆိုးတွေ ပထမဆုံးအကြိမ် ပြန်လည်ယှဉ်ပြိုင်ခွင့်ရလာတာ ဖြစ်ပါတယ်။ ဘယ်လ်ဂျီယံဟာ ကွာတားဖိုင်နယ်အဆင့်ထိ တက်ခဲ့ပြီးမှ ချန်ပီယံဖြစ်လာမယ့် ဂျာမနီကို ကပ်ပြီး အရေးနိမ့်ခဲ့တာပါ။ ဆက်တိုက်ဆိုသလိုပဲ ၂၀၁၆ ဥရောပဖလားပြိုင်ပွဲအတွက်လည်း  ခြေစစ်ပွဲတွေမှာ အုပ်စုဗိုလ်အဖြစ် ရပ်တည်ပြီး ပါဝင်ယှဉ်ပြိုင်ခွင့်ရလာတာ ဖြစ်ပါတယ်။

အခုဆိုရင် ဘယ်လ်ဂျီယံရဲ့ အဓိက ကစားသမား အများစုဟာ အသက် (၂၅) နှစ်ကနေ (၂၇) နှစ်ကြား အရွယ်ကောင်းတွေ ဖြစ်နေပါပြီ။ နောက်ထပ် လေးငါးနှစ်လောက် လက်ရွေးစင်အသင်းမှာ ဒေါင်ဒေါင်မြည်သုံးလို့ရနေကြဦးမှာပါ။ အသင်းခေါင်းဆောင် ဗင်းဆင့်ကွမ်ပနီတောင် အသက် (၂၉) နှစ်ပဲရှိပါသေးတယ်။ ဒါပေမဲ့ ဒီကစားသမားတွေဟာ လာမယ့်နှစ်တွေထိ အသင်းမှာ ပထမနေရာ အာမခံချက်ရှိနေမယ်ဆိုပြီး ပေါ့ဆနေလို့ မရပါဘူး။ လူငယ်တွေကို ပွဲထုတ်နေရာပေးခြင်းရဲ့ အောင်မြင်မှုအရသာကို သိသွားပြီဖြစ်တဲ့ ဝီလ်မော့တ်စ်ဟာ နောက်ထပ်မျိုးဆက်အသစ်တစ်ခုကို အဆင်သင့် ပြင်ထားပြီးပါပြီ။

ရိုမီလူလူကာကူနဲ့ သီဘောက်ကော်တွိုက်စ်တို့ဟာ အသက် (၂၃) နှစ်အောက် ကစားသမားတွေ ဖြစ်ပေမယ့် ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းမှာ နေရာအခိုင်အမာ ရနေပါပြီ။ အက်ဒ်နန်ယာနူဇက်၊ ယူရီတိုင်လီမန်စ်၊ ဒီဗော့ခ် အိုရီဂီ၊ ဇာကာရီရာဘက်ကာလီ၊ လီယန်ဒါ ဒန်ဒွန်ကာတို့လို အသက် (၂၀)ဝန်းကျင် ချာတိတ်တွေကလည်း လက်ရွေးစင်အဆင့်မှာ တဖြည်းဖြည်း ထိုးဖောက်ပါဝင်လာနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဝီလ်မော့တ်စ်ဟာ သူ့ရဲ့အသင်းကို မျိုးဆက်မပြတ်အောင် စနစ်တကျ ကြိုတင်စီမံထားတာ သိသာပါတယ်။ လူငယ်သွေးသစ်တွေ မွေးထုတ်ပေးခြင်းရဲ့ အကျိုးကျေးဇူး အသီးအပွင့်တွေကို အသင်းက လက်တွေ့ခံစားခဲ့ရပြီး အခုအချိန်မှာတော့ ကမ္ဘာ့ဘောလုံးလောကရဲ့ ထိပ်တန်းအဆင့်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။

သမိုင်းသစ်ကို ဖန်တီးခြင်း
ဘယ်လ်ဂျီယံအသင်းဟာ ၂၀၁၆ ဥရောပဖလား ခြေစစ်ပွဲတွေမှာ ဝေးလ်စ်၊ ဘော့စ်နီးယားဟာ ဇီဂိုးဗီးနား၊ အစ္စရေး၊ ဆိုက်ပရပ်စ်၊ အန်ဒိုရာတို့နဲ့အတူ ပါဝင်ခဲ့ပါတယ်။ ဒီအုပ်စုမှာ ဝေးလ်စ်ဟာ မထင်မှတ်ဘဲ ခြေစွမ်းပြနိုင်ခဲ့ပြီး ၂၀၁၅ ဇွန်လထဲမှာတော့ အိမ်ကွင်းမှာ ဘယ်လ်ဂျီယံကို အနိုင်ရခဲ့တယ်။ ဒါဟာ ဘယ်လ်ဂျီယံရဲ့ တစ်ပွဲတည်းသော ခြေစစ်ပွဲအရှုံးပါ။ ဘယ်လ်ဂျီယံဟာ ၁၀ ပွဲကစားပြီး ၈ ပွဲနိုင်၊ နှစ်ပွဲသရေဆိုတဲ့ ရလဒ်နဲ့ ပြတ်ပြတ်သားသားခြေစစ်ပွဲအောင်မြင်ခဲ့တယ်။ ဝေးလ်စ်ကလည်း အုပ်စုဒုတိယနေရာရပြီး ဘယ်လ်ဂျီယံနဲ့အတူ ပြင်သစ်မြေကို ချီတက်ခွင့်ရခဲ့ပါတယ်။

ခြေစစ်ပွဲကာလမှာ တောက်လျှောက် ခြေစွာခဲ့တာကြောင့် ဘယ်လ်ဂျီယံဟာ ဖီဖာအဆင့် သတ်မှတ်ချက်မှာ တရိပ်ရိပ်မြင့်တက်လာခဲ့တယ်။ ၂၀၁၅ အောက်တိုဘာလဆန်းမှာတော့ ဘယ်လ်ဂျီယံဟာ ဖီဖာရဲ့ အဆင့်(၃)နေရာထိ ရောက်နေပါပြီ။ ဒါဟာ  ၁၉၂၀ စက်တင်ဘာက ကမ္ဘာ့အဆင့်(၂)နေရာမှာ ရပ်တည်ခဲ့တဲ့နောက်ပိုင်း ဒါဟာ အသင်းရဲ့ အမြင့်ဆုံးအဆင့် တက်လှမ်းမှု ဖြစ်ပါတယ်။ ၁၉၂၀ ပြည့်နှစ်တုန်းကတော့ ဘယ်လ်ဂျီယံဟာ ခေတ်ဟောင်း အိုလံပစ်မှာ ရွှေတံဆိပ်ဆွတ်ခူးခဲ့တာကြောင့် အဆင့်မြင့်မြင့်ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။

ဘယ်လ်ဂျီယံဟာ ၂၀၁၅ အောက်တိုဘာ ၁၀ ရက်မှာ အန်ဒိုရာကို အဝေးကွင်းမှာ ၄-၁ ဂိုးနဲ့ ပြတ်ပြတ်သားသားအနိုင်ရခဲ့တဲ့နောက် ဥရောပဖလားအတွက် လွတ်လွတ်ကျွတ်ကျွတ်ခြေစစ်ပွဲ အောင်သွားခဲ့ပါတယ်။ အဲဒီအချိန်မှာ မထင်မှတ်တဲ့ အပြောင်းအလဲတစ်ခု ဖြစ်လာတယ်။ လက်ရှိ ကမ္ဘာ့အဆင့်(၁)နဲ့(နှစ်)နေရာက အာဂျင်တီးနားနဲ့ ဂျာမနီတို့ နှစ်သင်းလုံးခြေစစ်ပွဲမှာ ရှုံးပွဲတွေ တွေ့ခဲ့တာပါပဲ။ ဒါကြောင့် အစ္စရေးကိုသာ အနိုင်ကစားနိုင်ရင် နိုဝင်ဘာအတွက် ဖီဖာအဆင့် သတ်မှတ်ချက်မှာ ဘယ်လ်ဂျီယံက ထိပ်ဆုံးနေရာရပ်တည်နိုင်ဖို့ လမ်းပွင့်လာခဲ့တယ်။ ဘယ်လ်ဂျီယံကစားသမားတွေကလည်း ဒီအခွင့်အရေးကို လက်လွှတ်မခံခဲ့ပါဘူး။ နီမြန်းတဲ့ လက်ရွေးစင်အသင်း ဂျာစီကို ဂုဏ်ယူစွာ ဝတ်ဆင်ရင်း အိမ်ကွင်းပရိသတ်ရှေ့မှောက်မှာ ကမ္ဘာ့အဆင့်တစ်နေရာကို အရယူနိုင်ခဲ့ပါပြီ။ ကမ္ဘာ့ဖလားနဲ့ ဥရောပဖလားလို အထင်ကရ ပြိုင်ပွဲကြီးတွေမှာ ဘာအောင်မြင်မှုမှ မရဖူးတဲ့၊ တစ်ချိန်က ကမ္ဘာ့အဆင့်(၇၁)ထိ ကျဆင်းသွားဖူးတဲ့ အသင်းလေး တစ်သင်းဟာ အခုတော့ သမိုင်းဝင်အခိုက်အတန့် တစ်ခုကို ဂုဏ်ယူစွာ ဖြတ်သန်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဘယ်လ်ဂျီယံရဲ့ အလားအလာ
အောင်မြင်မှုအစဉ်အလာကောင်းတွေမရှိသေးတဲ့ အသင်းတစ်သင်းက ကမ္ဘာ့အဆင့်တစ် နေရာကို ရောက်လာတာ မထိုက်တန်ကြောင်း ဝေဖန်မှုတွေလည်း ရှိကောင်း ရှိပါလိမ့်မယ်။ ဒါပေမဲ့ ဘယ်လ်ဂျီယံဟာ ဥရောပမှာရော ကမ္ဘာမှာပါ စိတ်လှုပ်ရှားစရာ အကောင်းဆုံး အသင်းတစ်သင်းဖြစ်လာပြီဆိုတာကို ငြင်းမရပါဘူး။ နည်းပြ ဝီလ်မော့တ်စ်ဟာ ကမ္ဘာ့ထိပ်တန်းအဆင့်မှာ မရှိသေးဘူးလို့ သတ်မှတ်နိုင်ပေမယ့် ဘယ်လ်ဂျီယံအသင်းနဲ့ ပတ်သက်သမျှ အသေးစိတ် နှိုက်နှိုက်ချွတ်ချွတ်နားလည် သိရှိထားခြင်းက အားသာချက်တစ်ရပ် ဖြစ်ပါတယ်။

၂၀၁၄ ကမ္ဘာ့ဖလားတုန်းက ဘယ်လ်ဂျီယံဟာ ချန်ပီယံလောင်း အသင်းတစ်သင်းအဖြစ် ထင်ကြေးပေးခံခဲ့ရတဲ့ထိ အရှိန်အဝါ ကြီးမားလာခဲ့ပြီး ၂၀၁၆ ဥရောပ ဖလားမှာလည်း အားလုံးရဲ့ စိတ်ဝင်တစားစောင့်ကြည့်ခြင်းကို ခံနေရမှာ အသေအချာပါပဲ။ ရေရှည်စီမံကိန်းတွေကို စည်းစနစ်ကျကျ အကောင်အထည် ဖော်နိုင်ခဲ့ခြင်းနဲ့ လူငယ်တွေအပေါ် ယုံကြည်နေရာပေးခဲ့ခြင်းတွေဟာ ဘယ်လ်ဂျီယံ ဘောလုံးလောကကို ရေမြင့်ကြာတင့်စေတဲ့ အဓိကအချက်တွေပဲ ဖြစ်ပါတယ်။ ဒီအခြေခံအကြောင်းတရားတွေကို မပြောင်းလဲသေးဘဲ ရှေ့ဆက်မယ့် နတ်ဆိုးနီတို့ရဲ့လမ်းဟာ တလက်လက်တောက်ပနေဦးမှာ သံသယရှိစရာမလိုပါဘူး။

လာခြင်းကောင်းတဲ့ နိုဝင်ဘာ
အခုအချိန်မှာတော့ ဘယ်လ်ဂျီယံအသင်းသားတွေရော၊ ဘယ်လ်ဂျီယံနိုင်ငံသားအားလုံးပါ ပြက္ခဒိန်တွေကို အောင့်အည်းရေတွက်ရင်း နိုဝင်ဘာလရောက်လာမယ့် အချိန်ကို စောင့်မျှော်နေကြတော့မှာ ဖြစ်ပါတယ်။ နိုဝင်ဘာရဲ့ ဖီဖာအဆင့်သတ်မှတ်ချက်မှာ ကမ္ဘာ့အင်အားကြီး ဘောလုံးနိုင်ငံတွေဖြစ်တဲ့ ဘရာဇီး၊ ဂျာမနီ၊ အီတလီ၊ အင်္ဂလန်၊ အာဂျင်တီးနားတို့ အားလုံးဟာ အစဉ်အလာပိုင်းအရ တောက်တောက်ကြွားကြွားမရှိခဲ့တဲ့ အနီရောင် ဘောလုံးအသင်းတစ်သင်းကို မော်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

ဘယ်လ်ဂျီယံဟာ ဖီဖာရဲ့ အမှတ်ပေးတွက်ချက်မှုအရ ကမ္ဘာ့နံပါတ်(၁)နရာကို ရောက်ကိုရောက်လာတော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ တရားဝင်သတ်မှတ်ချက် ထွက်ပေါ်လာမယ့် နိုဝင်ဘာလကို အမြန်ဆုံးရောက်ဖို့တော့ အားလုံးက စိတ်စောနေကြမှာ အမှန်ပါပဲ။ အနီရောင်တပ်ဖွဲ့ဝင်တွေနဲ့ ထောက်ခံအားပေးသူ ပရိသတ်တွေ အတွက်တော့ အမြင့်ဆုံး ရပ်တည်မှုကို လက်တွေ့ဆောင်ကြဉ်းယူလာမယ့် နိုဝင်ဘာလဟာ လာခြင်းကောင်းတဲ့ အနာဂတ်တစ်ခု ဖြစ်လာမှာ သေချာပါတယ်
7daydaily
အောင်မြင့်မြတ်

No comments:

Post a Comment