၂၀၁၆ မြန်မာနေရှင်နယ်လိဂ် လူငယ်အမှတ်ပေးပြိုင်ပွဲကို အသက် (၁၉)နှစ်အောက် ပြိုင်ပွဲအဖြစ် ပြောင်းလဲ ကျင်းပမည်ဖြစ်၍ ကလပ်အသင်းများ အနေဖြင့် လူငယ်ကစားသမားများကို ရွေးချယ်ပွဲများ ပြုလုပ်မည်ဖြစ်ကြောင်း ကလပ်အသင်း တာဝန်ရှိသူများက ပြောသည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ၂၀၁၁ မှ စတင်ကျင်းပခဲ့သည့် မြန်မာလိဂ် အရန်အသင်းများ ပြိုင်ပွဲကို ၂၀၁၃ တွင် အသက် (၂၁)နှစ်အောက် လူငယ်ပြိုင်ပွဲအဖြစ် ပြောင်းလဲကျင်းပခဲ့သည်။ ယင်းပြိုင်ပွဲကိုလာမည့် ၂၀၁၆ ဘောလုံးရာသီတွင် အသက်(၁၉)နှစ်အောက် ပြိုင်ပွဲအဖြစ်ကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘လူငယ်လိဂ်ကို လာမယ့်ဘောလုံးရာသီက စပြီး အသက်(၁၉)နှစ်အောက် ပြိုင်ပွဲအဖြစ် ပြောင်းလဲကျင်းပမှာပါ။ လက်ရွေးစင် ယူ-၁၉ အသင်းအတွက် ကစားသမား ရွေးချယ်တဲ့နေရာမှာ အခက်အခဲတွေ ရှိခဲ့တာကြောင့် ပြောင်းလဲ ကျင်းပရခြင်း ဖြစ်ပါတယ်။ စတင်ကျင်းပကတည်းက လူငယ်ပြိုင်ပွဲတွေကို အစီအစဉ်တကျ ရေးဆွဲထားခဲ့တာပါ။ အသက် (၂၁) နှစ်ပြိုင်ပွဲကို ဘယ်နှစ်ကျင်းပမယ်၊ ယူ-၁၉ ပြိုင်ပွဲကို ဘယ်နှစ်ကျင်းပမယ် ဆိုတာက အစီအစဉ်က ရှိခဲ့ပြီးသားပါ’’ ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ရန်ကုန်ယူနိုက်တက် လူငယ်အသင်းရှိ ကစားသမား ၁၅ ဦးခန့်သာ လာမည့်နှစ်ပြိုင်ပွဲတွင် အသက်မီပြီး ကျန်ကစားသမား ၁၉ ဦးအတွက် တိုင်းနှင့် ပြည်နယ်မှ ကစားသမားများကို လူရွေးချယ်ပွဲပြုလုပ်၍ ရှာဖွေရမည်ဖြစ်ကြောင်း ရန်ကုန်လူငယ်အသင်း နည်းပြချုပ် ဦးအေးနိုင်က ပြောသည်။
‘‘ဧရာဝတီ လူငယ်အသင်းမှာ နောက်နှစ် ပြိုင်ပွဲအတွက် အသက်မီတဲ့ ကစားသမား ငါးယောက်လောက်ပဲ ရှိတော့တယ်။ ပြိုင်ပွဲကျင်းပရေးက အစကတည်းက အစီအစဉ် ရှိခဲ့ပြီးသားပါ။ ရုတ်တရက် ပြောင်းလိုက်တာ မဟုတ်ပါဘူး။ အသက်(၂၁)နှစ်ပြိုင်ပွဲကနေ(၁၉)နှစ် ပြောင်းမယ်ဆိုတာ အရင်ကတည်းက အစီအစဉ်ရှိခဲ့ပြီးသားပါ။ ကျွန်တော်တို့ အသင်းအနေနဲ့ နိုဝင်ဘာမှာ ကစားသမား ရွေးချယ်ပွဲလုပ်ပြီး အသင်းကို အသစ်ပြန်လည် တည်ဆောက်သွားမှာပါ’’ဟု ဧရာဝတီယူနိုက်တက် မီဒီယာတာဝန်ခံ ဦးအောင်ကျော်က ပြောသည်။
အသက်(၂၁)နှစ်အောက် ပြိုင်ပွဲအဖြစ် ပြောင်းလဲခဲ့ပြီး နောက်ပိုင်းတွင် ရတနာပုံ အသင်းက တစ်ကြိမ်၊ ရန်ကုန်အသင်းက နှစ်ကြိမ် ဗိုလ်စွဲထားသည်
No comments:
Post a Comment