Thursday, October 22, 2015

သမိုင်းကြောင်းကောင်းခဲ့တဲ့ အနီရောင်အိပ်မက်များကို ထုဆစ်မည့်သူ

လီဗာပူးအသင်းရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် အင်္ဂလန် ဘောလုံးလောကရဲ့ အအောင်မြင်ဆုံးအသင်း ဥရောပ ဘောလုံးလောကမှာ အအောင်မြင်ဆုံး အင်္ဂလန်အသင်းစတဲ့ ဂုဏ်ပုဒ်တွေကို တွေ့ရမှာပါ။

၁၉၀၀-၀၁ ဘောလုံးရာသီမှာ အင်္ဂလန်အမှတ်ပေးဖလား ပထမဆုံးရယူခဲ့တဲ့ လီဗာပူးအသင်းဟာ ၁၉၉၀ အထိ နှစ်ပေါင်း ၉၀ အတွင်း အမှတ်ပေးဖလား ၁၈ လုံး ရယူခဲပြီး အင်္ဂလန် အမှတ်ပေးပြိုင်ပွဲ သမိုင်းရဲ့ အအောင်မြင်ဆုံးအသင်း အဖြစ် ပြတ်ပြတ်သားသား မှတ်တမ်းတင်ခဲ့ပါတယ်။

ဒါပေမယ့် ၁၉၉၀ မှာ နောက်ဆုံးအကြိမ်အဖြစ် အောင်ပွဲခံပြီး ပရီးမီးယားလိဂ်ခေတ်ကို ရောက်ရှိလာချိန်မှာတော့ လီဗာပူးအသင်းဟာ ခေတ်ဆိုးတစ်ခုကို ဖြတ်သန်းရသလို အမှတ်ပေးပြိုင်ပွဲမှာ အောင်မြင်မှုနဲ့ ဝေးကွာခဲ့ရပါတယ်။

၂၀၀၅ ခုနှစ်မှာ ငါးကြိမ်မြောက် ချန်ပီယံလိဂ်ဖလား (ယခင်ဥရောပဖလား) ကိုရယူပြီး အင်္ဂလန် ကလပ်အသင်းတွေထဲမှာ ဥရောပ အအောင်မြင်ဆုံး အသင်းအဖြစ် ဆက်လက်ရပ်တည်နေပေမယ့် အင်္ဂလန် အမှတ်ပေးပြိုင်ပွဲမှာတော့ ဆုဖလားနဲ့ ၂၅ နှစ်ကြာ ဝေးကွာနေခဲ့ရပါတယ်။

ဒီကာလအတွင်း လီဗာပူးအသင်းမှာ နည်းပြ ၈ ဦး ကိုင်တွယ်သွားခဲ့ပြီး အသင်းကို အောင်မြင်မှုတွေရအောင် မစွမ်းဆောင်နိုင်ခဲ့တာကြောင့် အများစုဟာ ရာထူးကနေ ထုတ်ပယ်ခြင်းကို ခံခဲ့ရကာ ကလပ်အသင်းနဲ့ လမ်းခွဲခဲ့ရပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာ ၄ ရက်မှာ လီဗာပူးအသင်းဟာ မြောက်အိုင်ယာလန် လူမျိုး နည်းပြဘရန်ဒန်ရော်ဂျာကို ရာထူးက ထုတ်ပယ်လိုက်ပြီး နောက် ၄ ရက် အကြာမှာ ဂျာမန်လူမျိုးနည်းပြ ယာဂန်ကလော့ပ်ကို တာဝန်ပေးခဲ့ပါတယ်။

ဘွန်ဒစ်လီဂါကလပ် ဒေါ့မွန်အသင်းမှာ အောင်မြင်မှုတွေ ရယူခဲ့တဲ့ ကလော့ပ်ဟာ လီဗာပူးအသင်းသမိုင်းမှာ ပထမဆုံး ဂျာမန်လူမျိုးနည်းပြ ဖြစ်လာပြီး အခုစနေနေ့မှာ လန်ဒန်ကလပ် စပါးအသင်းနဲ့ သူ့ရဲ့ပွဲဦးထွက်ကို ရင်ဆိုင်ခဲ့ရပြီး သရေရလဒ် ရရှိခဲ့ပါတယ်။

၂၀၁၁-၂၀၁၂ ခုနှစ်တွေမှာ ဂျာမန်အကောင်းဆုံး ဘောလုံးမန်နေဂျာဆု ၊ ၂၀၁၃ ခုနှစ်မှာ ဖီဖာ ဒုတိယအကောင်းဆုံး နည်းပြဆုတွေကို ရယူခဲ့တဲ့ ကလော့ပ်ဟာ သူ့ရဲ့နည်းပြ အရည်အသွေးတွေကို မိန့်ဇ် ၊ ဒေါ့မွန် အသင်းတွေမှာ ပြသနိုင်ခဲ့ သူပါ။

ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် အမှတ်ပေးချန်ပီယံ အောင်မြင်မှုနဲ့ဝေးကွာနေလို့ အသင်းအပေါ် အားမလိုအားမရ ဖြစ်နေတဲ့ လီဗာပူးပရိသတ်တွေ အတွက် လက်ရှိအချိန်မှာ ကလော့ပ်ဟာ အသင်းရဲ့ မျှော်လင့်ချက်ရောင်ခြည် တစ်ခုဖြစ်နေပါပြီ။

နယ်မြေသစ်မှာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ရတော့မယ့် ကလော့ပ်အနေနဲ့ အင်္ဂလန်မြေကို ခြေချချခြင်း သူ့ကိုယ်သူ Normal One လို့ နှိမ့်ချ ပြောဆိုခဲ့တာလည်း အင်္ဂလန်မီဒီယာတွေနဲ့ ပရိသတ်တွေအတွက် သဘောတွေ့စရာ ဖြစ်ခဲ့ပါတယ်။

နည်းပြသက်တမ်း (၁၅)နှစ်တာ ကာလအတွင်း လီဗာပူးလို အသင်းကြီး တစ်သင်းကို ကိုင်တွယ်ဖို့ လုံလောက်တဲ့ အရည်အသွေးကို ပြသနိုင်ခဲ့တဲ့ ယာဂန်ကလော့ပ် အနီရောင် လီဗာပူးပရိသတ်တွေရဲ့ မျှော်လင့်ချက် အိပ်မက်တွေကို အကောင်အထည် ပေါ်လာအောင် ထုဆစ်ရပါတော့မယ်။

သမိုင်းကြောင်းကောင်းခဲ့တဲ့ လီဗာပူးအသင်းဆီကို အောင်မြင်မှုတွေ တစ်ကျော့ပြန် ရောက်ရှိလာဦးမလား ဆိုတာကတော့ အချိန်အတိုင်းအတာ တစ်ရပ်က အဆုံးအဖြတ်ပေးသွားမှာပါ...

No comments:

Post a Comment