ပရီးမီးယားလိဂ်ကလပ် မန်စီးတီးကို ရှိတ်မန်ဆောဘင် ဇေယက်က ၂၀၀၈ တွင် ၀ယ်ယူခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် အမြတ်အစွန်း ရရှိလာကြောင်း မန်စီးတီးအသင်းက ကြေညာသည်။
၂၀၁၄-၁၅ ဘောလုံးရာသီအတွက် အသင်း၏ နှစ်စဉ်အစီရင်ခံစာကို မန်စီးတီးက အောက်တိုဘာ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ပြီးခဲ့သည့်နှစ်အတွက် အမြတ် ပေါင် ၁၀ ဒသမ ၇ သန်း ရရှိခဲ့ကြောင်းဖော်ပြသည်။
မန်စီးတီးအသင်း၏ ခရီးစဉ်တွင် ၂၀၁၄-၁၅ ဘောလုံးရာသီသည် သမိုင်းဝင် ခြေလှမ်းတစ်ရပ် ဖြစ်ခဲ့သည်ဟု မန်စီးတီးအသင်း အမှုဆောင်အရာရှိချုပ် ဖာရန်ဆို ရီယာနိုက မှတ်ချက်ပြုသည်။
မန်စီးတီးသည် လစာငွေပမာဏကို ပြီးခဲ့သည့် ရာသီကပေါင် ၂၀၅ သန်းအထိ အသုံးပြုထားရာမှ ပေါင် ၁၉၃ ဒသမ ၅ သန်းသို့ လျှော့ချထားစဉ် ခုနစ်နှစ် ဆက်တိုက် နှစ်စဉ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှင့်အတူ စံချိန်တင်ဝင်ငွေ ပေါင် ၃၅၂ သန်း ရရှိခဲ့သည်ဟု အသင်းက ကြေညာသည်။
ယင်းကာလအတွင်း မန်စီးတီး၏ပြိုင်ဘက် မန်ယူက လုပ်ခလစာအတွက် ပေါင် ၂၀၃ သန်းသုံးစွဲခဲ့ပြီး အာဆင်နယ်က ပေါင် ၁၉၂ ဒသမ ၂ သန်း အသုံးပြုကာ ချယ်လ်ဆီးက ပေါင် ၁၉၂ ဒသမ ၇ သန်း အသီးသီး အသုံးပြုခဲ့ကြသည်။
No comments:
Post a Comment