ယခုရက်ပိုင်းအတွင်း မြန်မာပရိသတ်များကြား၌ ကမ္ဘာ့ဖလားခြေစစ်ပွဲဝင် လက်ရွေးစင် ဘောလုံးအသင်း၏ (စတုတ္ထမြောက်ပွဲစဉ် လက်ဘနွန်အသင်းနှင့် ပွဲစဉ်အထိ) ရှုံးပွဲနာလန်မထူနိုင်မှုများ အကြောင်း လွှမ်းမိုးထားသော်လည်း အာရှယူ-၁၉ ခြေစစ်ပွဲတွင် အောင်မြင်မှု မရခဲ့သည့် မြန်မာယူ-၁၉ အသင်း၏ အကြောင်းကိုလည်း မေ့လျော့ကြခြင်း မရှိသေးပေ။
ပြီးခဲ့သည့် ၂၀၁၅ နယူးဇီလန် ယူ-၂၀ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် မြန်မာ့ဘောလုံး လောကအတွက် မှတ်တိုင်သစ်တစ်ခုအဖြစ် မြန်မာယူ-၂၀ အသင်း ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့ သော်လည်း လာမည့် ၂၀၁၇ ကမ္ဘာ့ ယူ-၂၀ ပြိုင်ပွဲ၏ မြစ်ဖျားခံရာ ၂၀၁၆ အာရှ ယူ-၁၉ ပြိုင်ပွဲ ခြေစစ်ပွဲအဆင့်၌မူ မြန်မာ အသင်းအနေဖြင့် ခြေစစ်ပွဲအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည်။
စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၆ ရက်အထိ ရန်ကုန်မြို့၌ လက်ခံ ကျင်းပခဲ့သည့် ၂၀၁၆ အာရှ ယူ-၁၉ ခြေစစ်ပွဲ အုပ်စု(ဆ)တွင် မြန်မာအသင်းက အာဆီယံပြိုင်ဘက် ဗီယက်နမ်၊ ဟောင်ကောင်၊ တီမော၊ ဘရူနိုင်း အသင်းများနှင့် ကျရောက်ခဲ့သည်။ မြန်မာအသင်းသည် လေးပွဲကစားခဲ့ရာတွင် ဘရူနိုင်းအသင်းကို ၄-၀ ဂိုး၊ ဟောင်ကောင် အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့ သော်လည်း တီမောအသင်းကို ဂိုးမရှိသရေနှင့် ဗီယက်နမ်အသင်းကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
မြန်မာအသင်းသည် ခြေစစ်ပွဲအပြီး နှစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံး ရမှတ် ခုနစ်မှတ်ဖြင့် အုပ်စု ဒုတိယနေရာတွင် ရပ်တည်ခဲ့သော်လည်း အာရှဘောလုံး အဖွဲ့ချုပ်မှ အာရှ ယူ-၁၉ ခြေစစ်ပွဲအဆင့်တွင် အုပ်စုဒုတိယ အကောင်းဆုံး ငါးသင်းအဖြစ် ရွေးချယ်ရာ၌ ပြိုင်ပွဲဝင်ငါးသင်း ပါဝင်သည့် အုပ်စုများ၌ အမှတ်ပေးဇယား အောက်ခြေမှ အသင်းနှင့်တွေ့ဆုံသည့် ရလဒ်ကို ထည့်သွင်း တွက်ချက်ခဲ့ခြင်းမရှိ၍ ခြေစစ်ပွဲအဆင့်၌ပင် လက်ပြနှုတ်ဆက်ခဲ့ရသည်။
မြန်မာအသင်းပါဝင်သည့် အုပ်စု(ဆ)၌ ဗီယက်နမ်အသင်းက လေးပွဲကစား၊ လေးပွဲစလုံး အနိုင်ရရှိပြီး ရမှတ် ၁၂ မှတ်ရရှိကာ အုပ်စုပထမဖြင့် အာရှ ယူ-၁၉ နောက်ဆုံးအဆင့်သို့ တက်ရောက်သွားခဲ့သည်။
မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲ၌ ဗီယက်နမ်အသင်းကို သရေကျ၍ မဖြစ်ဘဲ အနိုင်ရရှိမှသာ ခြေစစ်ပွဲအောင်မည် ဖြစ်သော်လည်း ယင်းပွဲ၌ မြန်မာအသင်းမှာ အမှားများခဲ့ပြီး အာဆင်နယ် လူငယ်အကယ်ဒမီထွက် ကစားသမားများ ပါဝင်သည့် ဗီယက်နမ်အသင်း၏ လွှမ်းမိုးမှုအောက်တွင် တစ်ချိန်လုံး ကျရောက်နေခဲ့သည်။ အထူးသဖြင့် မြန်မာအသင်း၏ ကစားပုံမှာ ပုံမှန်ထက်ပင် ပျက်ယွင်းနေခဲ့ပြီး အနီးကပ်ပေးသည့် ဘောလုံးကိုပင် မိမိလူရှိရာသို့ ပေးပို့ရာ၌ အမှားများခဲ့သည်။
မြန်မာကစားသမားများ၏ ကျေနပ်အားရဖွယ်ကောင်းသည့် ဘောလုံးပေးပို့မှုများကို လေ့ကျင့်ရေးကွင်း၌ မြင်တွေ့ထားရပြီး ပြိုင်ပွဲကွင်းထဲအထိ သယ်ဆောင်လာနိုင်ရန်သာ လိုအပ်ကြောင်း မြန်မာနည်းပြ ဂတ်ဖရိုင်းဒရစ်က ပြိုင်ပွဲမတိုင်မီ အင်တာဗျူးတွင် ပြောကြားခဲ့သော်လည်း ဗီယက်နမ်နှင့် အရေးကြီးသည့်ပွဲ၌ ၎င်း၏ ကစားသမားများ အမှားများခဲ့သည်။
မြန်မာအသင်းသည် ပြီးခဲ့သည့် အာဆီယံ ချန်ပီယံရှစ်ပြိုင်ပွဲ၌ တီမောအသင်းနှင့် တစ်ဂိုးစီသရေကျကာ ဗီယက်နမ်အသင်းကို ၀-၂ ဂိုးဖြင့် အရေးနိမ့်ခဲ့သဖြင့် အုပ်စုအဆင့်က ထွက်ခဲ့ရသည်။ အာရှယူ-၁၉ ခြေစစ်ပွဲ၌လည်း ထိုနှစ်သင်းကပင် မြန်မာအသင်းကို ဒုက္ခတွေ့စေခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၄ အာရှ ယူ-၁၉ ပြိုင်ပွဲတွင် မြန်မာအသင်းကို အကြိုဗိုလ်လုပွဲ အထိ ရောက်ရှိ အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး နယူးဇီလန်ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲအထိ ပို့ဆောင်ပေးနိုင်ခဲ့သည့် ဂျာမနီနိုင်ငံသား နည်းပြ ဂတ်ဖရိုင်းဒရစ် သည်လည်း ယခုပြိုင်ပွဲတွင် ၎င်း၏အသင်းကို မှော်ဝင်သော ကစားဟန်များဖြင့် ခြေစစ်ပွဲ အောင်မြင်အောင် ဖန်တီးနိုင်ခြင်း မရှိခဲ့ပေ။
ရင်သပ်ရှုမောဖွယ် ကစားဟန်များဖြင့် ပရိသတ်များကို ဖမ်းစားနိုင်ခဲ့သည့် ၂၀၁၄ အာရှ ယူ-၁၉ ပြိုင်ပွဲဝင် မြန်မာအသင်းနှင့် ၂၀၁၆ အာရှ ယူ-၁၉ ခြေစစ်ပွဲဝင် မြန်မာအသင်းတို့အကြား ကွာခြားမှု အကြောင်းတရား များစွာရှိနေပါသည်။
မြန်မာ ယူ-၁၉ အသင်း နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်ကမူ ပြီးခဲ့သည့် မြန်မာ ယူ-၁၉ အသင်းနှင့် လက်ရှိ မြန်မာယူ-၁၉ အသင်း၌ ကွာခြားမှုများစွာရှိပြီး အောင်သူ၊ ငြိမ်းချမ်းအောင်၊ ကျော်မင်းဦးတို့ကဲ့သို့ ပါရမီရှင် ကစားသမားများ မတွေ့ရဘဲ ပြိုင်ပွဲမတိုင်မီ အချိန် နှစ်လခန့်သာ လေ့ကျင့်ခွင့် ရခဲ့ခြင်းကလည်း အောင်မြင်မှုနှင့် ဝေးကွာစေခဲ့ခြင်း၏ အချက်တစ်ချက်ဖြစ်ကြောင်း ဆိုသည်။
‘‘ ယူ-၂၀ ကမ္ဘာ့ဖလား ရောက်ခဲ့တဲ့ အသင်းက ၂ နှစ်လောက် အချိန်ယူ ပြင်ဆင်ခဲ့တဲ့အသင်းပါ။ ဥရောပမှာ လေ့ကျင့်ခန်းတွေ ပြုလုပ်ပြီး ခြေစမ်းပွဲတွေ ကစားခဲ့တယ်။ လက်ရှိ ယူ-၁၉ အသင်းက ပြင်ဆင်ချိန် နှစ်လပဲ ရရှိခဲ့ပါတယ်။ ပြီးတော့ ဒီအသင်းက ကစားသမားတွေက နေရှင်နယ်လိဂ် ကလပ်အသင်းတွေမှာ ပါဝင်ကစားနေတဲ့ သူတွေလည်း မဟုတ်ပါဘူး။ ဒါကြောင့် ဒီနှစ်သင်းကြား ခြားနားမှုက အများကြီးပါပဲ’’ဟုခြေစစ်ပွဲ မအောင်မြင်ခဲ့ခြင်းနှင့် ပတ်သက်၍ ဂတ်ဖရိုင်းဒရစ်က ဆိုသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးတင်အောင်ကမူ ဘောလုံးအသင်း တစ်သင်း အောင်မြင်ရန် အဘက်ဘက်မှ ပြည်စုံနေရန် လိုအပ်သကဲ့သို့ မြန်မာ ယူ-၁၉ အသင်း အတွက် ရေရှည်စီမံကိန်းချမှတ်မှု အားနည်းခဲ့သည်ဟု ဆိုသည်။
‘‘ဘောလုံးအသင်း တစ်သင်းအောင်မြင်ဖို့ နည်းပြ၊ ကစားသမား၊ ပံ့ပိုးမှုနဲ့ အဘက်ဘက်က ပြီးပြည့်စုံနေဖို့ လိုပါတယ်။ ဒါပေမဲ့ ကြိုတင်စီမံကိန်း အားနည်းခဲ့တာကလည်း ပါတယ်’’ဟု ၎င်းက ပြောသည်။
ရန်ကုန်ယူနိုက်တက် အသင်း၏ နည်းစနစ်ဒါရိုက်တာ ဦးဝင်းသူမိုးက ယူ-၁၉ အသင်း၌ တစ်ဦးချင်း ကျွမ်းကျင်မှုနှင့် အသင်းလိုက် ကစားတတ်မှုတွင် လိုအပ်ချက်များ ရှိခဲ့ကြောင်း ထောက်ပြသည်။
ထို့အပြင် မြန်မာအသင်း၌ ခြေစွမ်း ခြေစရှိသည့် ပါရမီရှင် ကစားသမားများ မြင်တွေ့ခဲ့ရခြင်းမရှိဘဲ ပြည်နယ်နှင့် တိုင်းဘောလုံးပြိုင်ပွဲများမှ တစ်ဆင့် ကစားသမားများ ရွေးချယ်ခြင်းကသာ ပါရမီရှင် ကစားသမားများ ထွက်ပေါ်လာမည်ဟု အကြံပြုသည်။
ထို့အတူ ဘောလုံးအကယ်ဒမီများ၌ လေ့ကျင့်ရုံမျှနှင့် လုံလောက်မှုရှိမည် မဟုတ်ဘဲ ပြိုင်ပွဲများများ ယှဉ်ပြိုင်နိုင်ရန် စီစဉ်ပေးခြင်းဖြင့် ကစားသမားများ၏ အရည်အချင်း ပိုမိုတိုးတက်လာစေရန် ပြုလုပ်ပေးသင့်ကြောင်း ဦးဝင်းသူမိုးက သုံးသပ်သည်။
‘‘ကျွန်တော်တို့ မန္တလေးဘောလုံး အကယ်ဒမီကလည်း မျိုးဆက်သစ်တွေ မွေးထုတ်ပေးနိုင်ဖို့ အမြဲ ကြိုးစားနေပါတယ်။ အာရှဘောလုံးအဖွဲ့ချုပ် အသိအမှတ်ပြု အေ လိုင်စင်၊ ဘီ လိုင်စင် လက်မှတ်ရ ပြည်တွင်းနည်းပြတွေက သင်ကြားပေးနေတာပါ။
ခက်တာက ကျွန်တော်တို့မှာ ပြည်တွင်း၊ ပြည်ပပြိုင်ပွဲတွေ နည်းပါတယ်။ ပြည်တွင်းမှာလည်း အသက် (၁၅)နှစ် အောက် 100 Plus ပြိုင်ပွဲရှိပေမယ့် တစ်နှစ်မှတစ်ကြိမ်ပဲ လုပ်တာဆိုတော့ ပြိုင်ပွဲအတွေ့အကြုံရဖို့ က ပြိုင်ပွဲတွေ များများရှိနေဖို့ လိုအပ်ပါတယ်’’ဟု မန္တလေးဘောလုံး အကယ်ဒမီ ကျောင်းအုပ်ကြီး ဦးစိုးညွန့်က ပြောကြားသည်။
‘‘ပြီးခဲ့တဲ့ ယူ-၂၀ အသင်းမှာ ခြေစွမ်းပြခဲ့တဲ့ အောင်သူတို့၊ ကျော်မင်းဦးတို့က ကျွန်တော်တို့ ကျောင်းကထွက်တဲ့ ကစားသမား တွေပါပဲ။ ဒါပေမဲ့ သူတို့က ဘရာဇီးနည်းပြ မားကို့စ် လက်အောက်မှာ သင်ယူခဲ့ရသူတွေပါ။ ခြေစွမ်းကောင်းတဲ့ ကစားသမားတွေ ပေါ်ထွက်လာဖို့ အတွက် ပြည်ပနည်းပြတွေရဲ့ သင်ကြားမှုလည်း လိုအပ်သေးတယ်’’ဟု ဦးစိုးညွန့်က ဆိုသည်။
လာမည့် အာရှယူ-၁၉ ချန် ပီယံရှစ်ဘောလုံးပြိုင်ပွဲကို ဘာရိန်းနိုင်ငံတွင် ၂၀၁၆ အောက်တိုဘာအတွင်း ကျင်းပမည်ဖြစ်သည်။ ထိုပြိုင်ပွဲအတွက် မြန်မာ၏ ပြိုင်ဘက်များဖြစ်သည့် ထိုင်းနှင့် ဗီယက်နမ် အသင်းတို့ အသီးသီးခြေစစ်ပွဲ အောင်မြင်ခဲ့ကြပြီး ယင်းပြိုင်ပွဲ၏ အကြိုဗိုလ်လုပွဲသို့ ရောက်ရှိခဲ့လျှင် တောင်ကိုရီးယားနိုင်ငံ၌ ကျင်းပမည့် ၂၀၁၇ ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲသို့ အာဆီယံကိုယ်စားပြု အသင်းများအဖြစ် ယှဉ်ပြိုင်ခွင့်ရရှိကြမည် ဖြစ်သည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ပြီးခဲ့သည့် ၂၀၁၄ အာရှ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဖြင့် မြန်မာအသင်းကို နောက်ဆုံးအဆင့်ကို တိုက်ရိုက် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိစေရန် စွမ်းဆောင်နိုင်ခဲ့ပြီး ယင်းအတွက် ကြိုတင်စီမံမှုများလည်း ချမှတ်နိုင်ခဲ့သည်။
၂၀၁၆ အာရှ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲဝင် မြန်မာအသင်းကို ပရိသတ်များ အားပေးခွင့်ရရှိရန် နှင့် ၂၀၁၇ ယူ-၂၀ ကမ္ဘာ့ဖလား စင်မြင့်ထက်၌ နှစ်ကြိမ်ဆက် ယှဉ်ပြိုင်သည့် မြန်မာအသင်းကို မြင်တွေ့ခွင့်ရရှိရန်မူ အကြောင်းတရား များစွာက ကန့်သတ်ထားရစ်ခဲ့ပြီ ဖြစ်သည်။
သို့သော် ၂၀၁၈ အာရှယူ-၁၉ ပြိုင်ပွဲ၌ အောင်မြင်မှုရရှိရန်နှင့် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲထက်သို့ ပြန်လည် တက်လှမ်းခွင့်ရရှိရန်မူ လုံလောက်သော အချိန်အတိုင်းအတာတို့ ရှိနေပါသည်
No comments:
Post a Comment