Sunday, October 18, 2015

လက်ရွေးစင်နည်းပြ အေဗရာမိုဗစ်ကို ထုတ်ပယ်ပြီး ပြောင်းလဲခန့်အပ်

မန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင် အသင်းကို ရလဒ်ကောင်းများ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခြင်း မရှိခဲ့သည့် ဆားဘီးယားလူမျိုး နည်းပြ အေဗရာမိုဗစ်ကို နည်းပြအဖြစ်မှ ထုတ်ပယ်ပြီး ယူ-၂၀ နည်းပြ ဂတ်ဖရိုင်းဒရစ်အား ခန့်အပ်တာဝန်ပေးခဲ့ကြောင်း သတင်းရရှိသည်။

‘‘အဓိကကတော့ ရလဒ်ပိုင်း မကောင်းခဲ့လို့ပါ။ မြန်မာကစားသမားတွေ အကြောင်း နားလည်တဲ့ နည်းပြဖြစ်တဲ့ ဂတ်ဖရိုင်းဒရစ်ကို အေဗရာမိုဗစ်နေရာမှာ အောက်တိုဘာ ၁၇ ရက်ကစပြီး တာဝန်ပေးလိုက်တာပါ။ လာမယ့် ဆူဇူကီးဖလားကိုလည်း အောင်မြင်မှုရဖို့  ရည်မှန်းထားလို့ အပြောင်းအလဲတစ်ခုကို ပြုလုပ်လိုက်တာပါ’’ဟု အဖွဲ့ချုပ်တာဝန် ရှိသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် လက်ရွေးစင်အသင်း နှင့်အတူ ၂၀၁၆ ဆူဇူကီးဖလား ပြိုင်ပွဲပြီးဆုံးသည်အထိ စာချုပ်သက်တမ်းရှိနေသည့် နည်းပြချုပ် အေဗရာမိုဗစ်အား သုံးလစာ လျော်ကြေးပေး၍ ထုတ်ပယ်ခဲ့ခြင်းဖြစ်ပြီး ၎င်းနှင့်အတူ ကြံ့ခိုင်ရေးနည်းပြ လူကာအား နှစ်လစာပေး၍ ထုတ်ပယ်ခဲ့ကြောင်း တာဝန်ရှိသူက ဆိုသည်။

စင်ကာပူ လက်ရွေးစင်အသင်းကို ဆူဇူကီးဖလား (ယခင် တိုက်ဂါးဖလား) သုံးကြိမ်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြအေဗရာမိုဗစ်သည်  မြန်မာအသင်းကို ၂၀၁၄ ဖေဖော်ဝါရီတွင် စတင် တာဝန်ယူခဲ့သည်။

၎င်း၏ လက်ထက်၌ ကမ္ဘာ့ဖလား ခြေစစ်ပွဲများအပါအဝင် ပြိုင်ပွဲအရပ်ရပ် စုစုပေါင်း ၂၂ ပွဲယှဉ် ပြိုင်ခဲ့ရာ ခုနစ်ပွဲနိုင်၊ လေးပွဲသရေ နှင့် ၁၁ ပွဲရှုံးနိမ့်ခဲ့ပြီး ကူဝိတ်အသင်းကို စံချိန်တင်ရလဒ်ဖြစ်သည့် ၉-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ သို့သော် ၂၀၁၄ ဖိလစ်ပိုင်ငြိမ်းချမ်းရေး ဖိတ်ခေါ်ဖလားကို ရယူပေးနိုင်ခဲ့သည်။

မြန်မာ့လက်ရွေးစင် ယူ-၂၀ အသင်းကို သမိုင်းဝင် ကမ္ဘာ့ဖလားဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် ဂျာမနီနိုင်ငံသား ဂတ်ဖရိုင်းဒရစ်သည် လက်ရွေးစင်အသင်းကို နိုဝင်ဘာ ၇ ရက်တွင် ဟောင်ကောင်အသင်းနှင့် ယှဉ်ပြိုင်မည့် ခြေစမ်းပွဲမှ စတင်ကာ တာဝန်ယူရမည်ဖြစ်သည်။

၎င်းသည် အောက်တိုဘာ ၁၂ ရက်က ဂျာမနီသို့ခွင့်ဖြင့် ပြန်သွားခဲ့ပြီး နိုဝင်ဘာလဆန်း၌ ပြန်လည်ရောက်ရှိမည် ဖြစ်သည်။

‘‘မစ္စတာဂတ်နဲ့ စာချုပ်ကိစ္စက သူပြန်လာမှ အသေးစိတ်ထပ်ပြီး ဆွေးနွေးရမှာပါ။ သူ့ကို ၂၀၁၆ ဆူဇူကီးဖလား ပြိုင်ပွဲကာလအထိ စာချုပ်ချုပ်ဆိုသွားမှာပါ’’ ဟု အဖွဲ့ချုပ်တာဝန်ရှိသူက ထပ်မံပြောကြားသည်

No comments:

Post a Comment