ပြီးခဲ့တဲ့ ၂၀၁၄-၂၀၁၅ ဘောလုံးရာသီတုန်းက အင်္ဂလန်ကလပ်တွေ အနေနဲ့ ဥရောပမှာ အရှက်ရစရာ အခြေအနေတစ်ရပ်ကို ကြုံတွေ့ခဲ့ရပါတယ်။
အဲဒါကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာရော ယူရိုပါလိဂ်ပြိုင်ပွဲမှာပါ အင်္ဂလန်အသင်းတွေ တစ်သင်းမှ ကွာတားဖိုင်နယ်အဆင့် အထိတောင် မတက်ရောက်နိုင်ခဲ့တာပါပဲ။
ချန်ပီယံလိဂ်မှာ အာဆင်နယ် ၊ ချဲလ်ဆီး ၊ လီဗာပူး ၊ မန်စီးတီး ၊ ယူရိုပါလိဂ်မှာ အဲဗာတန် ၊ စပါး ၊ ဟားလ်စီးတီး အစရှိတဲ့ အသင်း (၇) သင်းဟာ ဒီပြိုင်ပွဲတွေမှာ နောက်ဆုံး (၈) သင်းစာရင်းကို ၀င်ရောက်နိုင်ခြင်း မရှိဘဲ စောစောစီးစီး တပ်ခေါက်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ပြိုင်ပွဲ စတင်ခဲ့တဲ့ ၁၉၉၂-၉၃ ဘောလုံးရာသီကစလို့ နှစ်ပေါင်း ၂၂ နှစ်အတွင်းမှာ ဒီလိုအခြေအနေဆိုးမျိုး မရှိဘဲ ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းဝင်သွားခဲ့တာလည်း ဖြစ်ပါတယ်။
ချန်ပီယံလိဂ် ပြိုင်ပွဲသပ်သပ် ကြည့်မယ်ဆိုရင်တော့ ၂၀၁၂-၁၃ ဘောလုံးရာသီ တုန်းကလည်း အခုလိုပဲ အင်္ဂလန်ကလပ်အသင်းတွေ တစ်သင်းမှ ကွာတားဖိုင်နယ် မတက်ရောက်နိုင်တဲ့ ရာသီကို ကြုံတွေ့ခဲ့ရဖူးပါတယ်။
၂၀၀၄-၀၅ ဘောလုံးရာသီကစပြီး ၂၀၁၁-၁၂ ဘောလုံးရာသီအထိ ၈ ရာသီ အတွင်း ချန်ပီယံလိဂ် ဗိုလ်လုပွဲရဲ့ ၁၆ နေရာကို အင်္ဂလန်ကလပ်အသင်းတွေက ၈ နေရာအထိ ရယူနိုင်ခဲ့ပြီး (၃) ကြိမ်တိုင်တိုင် ဗိုလ်စွဲခဲ့ပေမယ့် အဲဒီနောက်ပိုင်းမှာတော့ ဥရောပမှာ အင်္ဂလန်ကလပ်အသင်းတွေရဲ့ လွှမ်းမိုးမှု ကျဆင်းလာခဲ့တာ ငြင်းမရနိုင်တဲ့ အချက်တစ်ခုပါ။
လက်ရှိဘောလုံးရာသီကို ကြည့်မယ်ဆိုရင်လည်း ချန်ပီယံလိဂ် (၂) ပွဲ ကစားထားပြီးချိန်မှာ ၃ မှတ်ရထားတဲ့ မန်ယူတစ်သင်းသာ အခြေအနေ အကောင်းဆုံး အင်္ဂလန် ကလပ်အသင်းအဖြစ် အုပ်စုဒုတိယနေရာမှာ ရှိနေပြီး ကျန်အသင်းတွေဖြစ်တဲ့ မန်စီးတီး ၊ အာဆင်နယ် ၊ ချဲလ်ဆီးအသင်းတွေက အုပ်စုတတိယ ၊ စတုတ္ထနေရာတွေကို ရောက်ရှိနေပါတယ်။
ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း ခြေစစ်ပွဲအဆင့်တွေမှာ ၀က်စ်ဟမ်း ၊ ဆောက်သမ်တန် အသင်းတွေက ပြိုင်ပွဲကထွက်ခဲ့ရလို့ စပါးနဲ့ လီဗာပူး (၂) သင်းစာ ဆက်လက်ရုန်းကန်ရမယ့် အခြေအနေမျိုးပါ။
ဒီတစ်ပတ် ချန်ပီယံလိဂ် အုပ်စုပွဲစဉ် (၃) မှာ အင်္ဂလန်အသင်းတွေ အခက်တွေ့စေမယ့် ပွဲစဉ်တွေကလည်း စောင့်ကြိုနေပြန်ပါတယ်။
မန်စီးတီး ၊အာဆင်နယ် အသင်းတွေက အိမ်ကွင်းမှာ ကစားရမှာဖြစ်ပေမယ့် မန်စီးတီးက ယူရိုပါလိဂ် နှစ်နှစ်ဆက် ချန်ပီယံ ဆီဗီလာ ၊ အာဆင်နယ်က ဥရောပထိပ်သီး ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်နဲ့ ကစားရမှာပါ။
မန်ယူ ၊ ချဲလ်ဆီးအသင်းတွေကတော့ အဝေးကွင်းပွဲစဉ်တွေ ကစားရမှာဖြစ်ပြီး မန်ယူက ရုရှားမြေမှာ CSKA မော်စကို ၊ ချဲလ်ဆီးက ယူကရိန်းမြေမှာ ဒိုင်နမိုကိဗ် အသင်းတွေနဲ့ ကစားရမှာဖြစ်လို့ အင်္ဂလန်ကလပ် အသင်း (၄) သင်းအတွက် အခုတစ်ပတ်ပွဲစဉ်တွေက နိုင်ပွဲရဖို့ ခက်ခဲဦးမှာဖြစ်ပါတယ်။
ဥရောပပြိုင်ပွဲတွေမှာ အင်္ဂလန်ကလပ်တွေရဲ့ လွှမ်းမိုးမှု ကျဆင်းလာခဲ့တယ်ဆိုတာ ပြီးခဲ့တဲ့ ရာသီ ရလဒ်တွေက သက်သေပါပဲ။ ဒီရာသီမှာလည်း အုပ်စုအဆင့်ကနေ ကျော်ဖြတ်နိုင်ဖို့တောင် ရုန်းကန်ရမယ့် အခြေအနေရှိနေပြီး ဥရောပ အဆင့်သတ်မှတ်ချက် (UEFA Coefficient) မှာလည်း အီတလီကလပ်အသင်းတွေရဲ့ ခြိမ်းခြောက်မှုတွေကို ခံနေရပါတယ်။
ဥရောပမှာ ကံကြမ္မာဆိုးတွေ ကြုံတွေ့နေရတဲ့ အင်္ဂလန် ကလပ်အသင်းတွေရဲ့ ရှေ့ရေးက ဘယ်လိုဖြစ်လာမလဲ ။
သေချာတာကတော့ ဒီရာသီမှာ ထပ်ပြီး ကျရှုံးမယ်ဆိုရင်တော့ အနာဂတ်မှာ ချန်ပီယံလိဂ် ၀င်ခွင့်တစ်နေရာ လျော့ကျသွားမယ့် အန္တရာယ်ကို ရင်ဆိုင်ရမှာဖြစ်ပါတယ်
No comments:
Post a Comment