အရင်ကတည်းက ကလပ်အသင်း နည်းပြတွေဆီက နိုင်ငံတကာပွဲတွေကြောင့် ကစားသမား ဒဏ်ရာရမှု ကိစ္စရပ်တွေနဲ့ ပတ်သတ်ပြီး အသံတွေထွက်ခဲ့တာဟာ လက်ရှိအချိန်မှာလည်း ပိုပြီးကျယ်လောင်လာဖို့ ရှိနေပြန်ပါပြီ။
ယူရို ၂၀၁၆ ခြေစစ်ပွဲနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေဟာ ကလပ်အသင်း နည်းပြတွေအတွက် တကယ့် အိပ်မက်ဆိုးတွေအဖြစ် ရောက်ရှိလာခဲ့တာပါ။
လက်ရှိအချိန်မှာ နိုင်ငံတကာပြိုင်ပွဲတွေကို မုန်းတီးနေမယ့်သူ တစ်ယောက်ရှိနေပါတယ်။ သူကတော့ မန်စီးတီးနည်းပြ ပယ်လီဂရီနီပါ။
ဘာကြောင့်လဲဆိုတော့ မကြာသေးမီက ကစားခဲ့တဲ့ နိုင်ငံတကာပွဲတွေကြောင့် သူ့ရဲ့အဓိက ကစားသမား သုံးဦးလောက်ကို ကာလအတန်ကြာ လက်လွှတ်ရဖို့ ရှိနေတာကြောင့်ပါ။
အာဂျင်တီးနားအတွက် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ် အီကွေဒေါနဲ့ပွဲမှာ ၀င်ရောက်ကစားခဲ့ပြီး တံကောက်ကြော ဒဏ်ရာပြဿနာ ကြုံတွေ့ခဲ့ရလို့ အဂူရိုတစ်ယောက် ၄ ပတ်လောက် နားရတော့မှာပါ။
မန်စီးတီးအသင်းအတွက် ပရီးမီးယားလိဂ် ၈ ပွဲမှာ ၆ ဂိုးသွင်းပေးထားတဲ့ အဓိကတိုက်စစ်မှုးကို သူတို့ တစ်လကြာ ဆုံးရှုံးရတော့မှာပါ။
ဒီလိုပဲ စပိန်ရဲ့ ယူရိုခြေစစ်ပွဲမှာ ပါဝင်ကစားရင်း ကွင်းလယ်လူ ဒေးဗစ်ဆေးလ်ဗားဟာလည်း ခြေကျင်းဝတ်ဒဏ်ရာ ရခဲ့တာကြောင့် အနားယူရဖို့ ရှိနေပြန်ပါတယ်။
သူဟာလည်း ဒီနှစ် မန်စီးတီးအတွက် သွင်းဂိုးတစ်ဂိုးအပြင် ဂိုးပံ့ပိုးမှု ခြောက်ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့သူပါ။ ဒါ့အပြင် နောက်ခံလူ ကိုလာရော့ဗ်ဟာလည်း ပေါ်တူဂီနှင့် ပွဲစဉ်မှာ ဆားဘီးယားအတွက် ၀င်ရောက်ကစားခဲ့စဉ် ဒဏ်ရာပြသနာနဲ့ ကြုံခဲ့ရတာပါပဲ။
သူဟာလည်း ဒီနှစ်မန်စီးတီးအတွက် ပရီးမီးယားလိဂ် ပွဲတိုင်းမှာ အဓိက ကစားသမားအဖြစ် ပွဲထွက်ပါဝင်ခဲ့သူ တစ်ဦးပါ။
မန်စီးတီးဟာ ဒီတစ်ပတ်မှာ ဘုန်းမောက်နဲ့ကစားပြီး ဆီဗီလာ ၊ မန်ယူနဲ့ ပွဲကျပ်တွေ ဆက်တိုက် ကစားရဖို့ ရှိနေချိန်မှာ အသင်းရဲ့ အဓိက ကစားသမား သုံးဦးကို နိုင်ငံတကာပြိုင်ပွဲတွေမှာ ရခဲ့တဲ့ဒဏ်ရာတွေကြောင့် လက်လွှတ်ခဲ့ရတာပါပဲ။
ဒီလိုပဲ မန်ယူကွင်းလယ် ကစားသမား ရှဝိန်းစတိုင်ဂါဟာ ဂျာမဏီအတွက် ယူရိုခြေစစ်ပွဲ ၀င်ရောက်ကစားဖို့ သွားရောက် ပူးပေါင်းခဲ့ချိန် လေ့ကျင့်ရေး အစီအစဉ်မှာ ကြွက်သားဒဏ်ရာ ပြဿနာ ကြုံတွေ့ခဲ့ရပါတယ်။
တစ်ပတ်လောက် အနားယူမယ့် အနေအထားတွေကြောင့် ဒီတစ်ပတ်မှာ ကစားမယ့် အဲဗာတန်နဲ့ပွဲမှာ မန်ယူအတွက် ပါဝင်ဖို့ မရေရာမှုတွေ ရှိခဲ့တာပဲ ဖြစ်ပါတယ်။
ဘိုင်ယန်အတွက် ထိုးနှက်ချက်ကတော့ ဂေါ့ဇီ ပေါင်ခြံဒဏ်ရာရခဲ့ခြင်းပါ။ အိုင်ယာလန်နဲ့ ကစားတဲ့ ယူရိုခြေစစ်ပွဲမှာ ပွဲချိန်ပထမပိုင်းကတည်းက ဒီဒဏ်ရာပြဿနာကြောင့် သူထွက်ခဲ့ရပါတယ်။
လက်ရှိအနေအထားအရ သူဟာ ဆယ်ပတ်ကနေ ဆယ့်နှစ်ပတ်လောက်အထိ အနားယူရဖို့ ရှိခဲ့တာပဲဖြစ်ပါတယ်။
ချဲလ်ဆီး ကစားသမားတွေဖြစ်တဲ့ အိုင်ဗန်နိုဗစ်နဲ့ မာတစ်တို့ဟာလည်း အဲလ်ဘေးနီးယားနဲ့ ယူရိုခြေစစ်ပွဲမှာ ဒဏ်ရာအသီအသီး ရခဲ့တာပါ။ အိုင်ဗန်နိုဗစ်မှာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့သလို မာတစ်မှာလည်း ကြွက်သားဒဏ်ရာပြဿနာများ ကြုံတွေ့ခဲ့ရတာတွေကြောင့် ပရီးမီးယားလိဂ် ရလဒ်ဆိုးနေတဲ့ ချဲလ်ဆီးအတွက် လာမယ့် ဗီလာနဲ့ပွဲမှာ ခံစစ်ပိုင်း ခက်ခဲမှုတွေ ပိုလာနိုင်ဖို့ များနေပါတယ်။
ရီးရဲလ်တို့အတွက် ဆုံးရှုံးမှုကတော့ ပြင်သစ်ရဲ့ခြေစွမ်းပွဲမှာ ဒဏ်ရာပြဿနာကြုံခဲ့တဲ့ တိုက်စစ်မှုး ဘန်ဇီးမားပါပဲ။
ဘန်ဇီးမားဟာ ဒီခြေစမ်းပွဲမှာ ရရှိခဲ့တဲ့ တံကောက်ကြောဒဏ်ရာ ပြဿနာကြောင့် အသင်းအတွက် အရေးပါတဲ့ ချန်ပီယံလိဂ်ပွဲစဉ် ပီအက်စ်ဂျီနှင့်ပွဲကို လွဲချော်ရဖို့ ရှိနေခဲ့တာပါ။
ရီးရဲလ်အတွက် ဒီလိုနစ်နာခဲ့သလို ပီအက်စ်ဂျီအတွက်လည်း ဒီနိုင်ငံတကာပြိုင်ပွဲကာလဟာ ထိခိုက်မှုတွေကို ကြီးမားစေခဲ့တာပါ။
ဘာကြောင့်လည်းဆိုတော့ အသင်းမှာ လက်စွမ်းပြနေတဲ့ ဂိုးသမား ကီဗင်ထရက်ဟာ ဂျာမဏီအသင်းနှင့် ပါဝင်ခဲ့စဉ် လေ့ကျင့်ရေးအစီအစဉ်မှာ ယာဘက်တံကောက်ကြော ဒဏ်ရာပြဿနာ ကြုံတွေ့ခဲ့ရလို့ ၆ ပတ်လောက် နားရဖို့ရှိနေခြင်းပါပဲ။
ဒါ့အပြင် ဘရာဇီးရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ် ချီလီနဲ့ပွဲမှာ ဒူးဒဏ်ရာရရှိခဲ့တဲ့ ဒေးဗစ်လုဇ်ဟာလည်း ဒီဒဏ်ရာပြဿနာကြောင့် လေးပတ်လောက်နားရဖို့ ရှိနေပြန်ပါတယ်။
ဒီအနေအထားဟာ လာမယ့် ပီအက်စ်ဂျီရဲ့ ချန်ပီယံလိဂ်ပွဲစဉ် ရီးရဲလ်နှင့်ပွဲမှာ အသင်းအတွက် နစ်နာမှုတွေကို ဖြစ်စေခဲ့ရတာပါ။
ဒီဖြစ်ရပ်တွေကို ဂျူဗင်တပ်အသင်းကလည်း မရှောင်လွဲနိုင်ခဲ့ပါဘူး။ စပိန်အတွက် ပါဝင်ခဲ့တဲ့ မိုရာတာတစ်ယောက် လူဇင်ဘတ်နဲ့ပွဲမှာ ဒဏ်ရာရခဲ့ပါတယ်။ မူလကခြေထောက် ကျိုးသွားတယ်လို့ ယူဆခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့ တံကျင်ရိုးမှာ ထိခိုက်မှုတွေ ရှိခဲ့တာပါ။
ဒီလိုပဲ ပြင်သစ်ရဲ့ ခြေစမ်းပွဲတွေမှာ ပါဝင်ဖို့ သွားရောက်ခဲ့ပြီး လေ့ကျင့်ရေး အစီအစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာ ပြဿနာကြုံခဲ့တဲ့ ပေါ့ဂ်ဘာဟာလည်း ဂျူဗပ်တပ်စ်ရဲ့ နစ်နာမှုတွေကို ပိုမိုကြီးသွားစေခဲ့တာပါ။
ဒါ့အပြင် စတုတ်က ရှေးဂစ်ဘ်ဗင်၊ နာပိုလီက အင်ဆစ်ဂနီတို့ဟာလည်း ပြီးခဲ့တဲ့ နိုင်ငံတကာ ပြိုင်ပွဲကာလအတွင်းမှာ ဒဏ်ရာအသီးသီး ရရှိခဲ့ကြတာပဲ ဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်
No comments:
Post a Comment