Friday, October 16, 2015

ပွဲစဉ်(၂၀)တွင်နိုင်ပွဲရပါက ရန်ကုန်အသင်း ချန်ပီယံဖြစ်မည်

မြန်မာ့လက်ရွေးစင် အသင်း၏ ကမ္ဘာ့ဖလား ခြေစစ်ပွဲကြောင့် နှစ်ပတ်ကျော် ရပ်နားခဲ့သည့် မြန်မာနေရှင်နယ်လိဂ်ပွဲကို ယခုတစ်ပတ်တွင် ပြန်လည် ကျင်းပမည်ဖြစ်ပြီး လက်ရှိအမှတ်ပေးဇယားကို ဦးဆောင်ထားသည့် ရန်ကုန်အသင်းသည် ဇေယျာရွှေမြေအသင်းကို အနိုင်ရရှိခဲ့ပါက ရာသီမကုန်မီ ချန်ပီယံဖြစ်မည် ဖြစ်သည်။

၂၀၁၅ မြန်မာလိဂ်ပွဲစဉ်(၂၀)ကို အောက်တိုဘာ ၁၇ ရက်နှင့် ၁၈ ရက် တို့တွင် ပြန်လည်ကျင်းပမည်ဖြစ်ပြီး ရန်ကုန်ယူနိုက်တက် အသင်းသည် ဇေယျာရွှေမြေအသင်းနှင့် အဝေးကွင်း၌ သွားရောက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ရန်ကုန်အသင်းသည် မြန်မာလိဂ်ပွဲစဉ် (၁၉) အပြီးတွင် ရမှတ် ၄၉ မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးမှ ဦးဆောင်လျက်ရှိပြီး ဒုတိယနေရာမှ ရတနာပုံအသင်းထက် ရမှတ် ၁၀ မှတ် အသာရရှိထားသည်။

ရတနာပုံအသင်းမှာ လက်ကျန်လေးပွဲ ကျန်ရှိသေးသော်လည်း ရန်ကုန်အသင်း အနေဖြင့် လက်ကျန်သုံးပွဲတွင် ရမှတ်သုံးမှတ်ရရှိရုံဖြင့် ချန်ပီယံဖြစ်မည် ဖြစ်သည်။

ထို့ကြောင့် ယခုတစ်ပတ် ဇေယျာရွှေမြေနှင့် ပွဲတွင် အနိုင်ရရှိပါက ရန်ကုန်အသင်းသည် လက်ကျန်နှစ်ပွဲ ကျန်သေးသော်လည်း ချန်ပီယံဖြစ်မည် ဖြစ်သည်။

သို့သော် ဇေယျာရွှေမြေ အသင်းအနေဖြင့် တန်းဆင်းဇုန်မှ လွတ်မြောက်ရန် အမှတ်လိုနေသည့် အသင်းဖြစ်သဖြင့် ရန်ကုန်အသင်း အနေဖြင့် ခက်ခဲစွာ ယှဉ်ပြိုင်ရဖွယ်ရှိနေပြီး ယင်းပွဲမှာ အကြိတ်အနယ် ပွဲကောင်းဖြစ်ဖွယ် ရှိသည်။

မြန်မာလိဂ်ပွဲစဉ်(၂၀) အခြားပွဲများအဖြစ် ရတနာပုံနှင့် ဇွဲကပင်၊ မကွေးနှင့် မနောမြေ၊ ချင်းနှင့် နေပြည်တော်၊ ရခိုင်နှင့် ဟံသာဝတီ၊ ကမ္ဘောဇနှင့် ဧရာဝတီအသင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ယခုတစ်ပတ် မြန်မာလိဂ်ပွဲစဉ်များတွင် တန်းဆင်းဇုန်အတွင်း ကျရောက်နေသည့် ချင်းနှင့် နေပြည်တော်၊ ရခိုင်နှင့် ဟံသာဝတီအသင်းတို့ ထိပ်တိုက်တွေ့ဆုံနေသည့် ပွဲများမှာလည်း ပြင်းထန်ဖွယ် ရှိနေသည်။

မြန်မာလိဂ်ပွဲစဉ် (၂၀)

၁၇.၁၀.၂၀၁၅
ရတနာပုံ-ဇွဲကပင် (ဗထူး)
မကွေး-မနောမြေ (သုဝဏ္ဏ)
ဇေယျာရွှေမြေ-ရန်ကုန် (မုံရွာ)

၁၈.၁၀.၂၀၁၅
ချင်း-နေပြည်တော် (သုဝဏ္ဏ)
ရခိုင်-ဟံသာဝတီ (အောင်ဆန်း)
ကမ္ဘောဇ-ဧရာဝတီ (တောင်ကြီး)

No comments:

Post a Comment