Friday, October 16, 2015
ဆန်းတို့စ်အသင်းကနေမာကိုကစားခွင့်ပိတ်ရန်တောင်းဆို
ဘရာဇီးဘောလုံးကလပ် ဆန်းတို့စ်အသင်းသည် ဘာစီလိုနာသို့ ရောင်းချလိုက်သည့် တိုက်စစ်မှူး နေမာ စပိန်သို့ ပြောင်းရွှေ့ခဲ့ရာတွင် ကန်ထရိုက်စာချုပ် ချိုးဖောက်ခဲ့၍ ဖီဖာက ဘာကာကို အရေးယူပေးရန်၊ လျော်ကြေးယူရို ၅၅ သန်း ပေးရန်နှင့် နေမာကိုလည်း ဘောလုံးကစားခွင့် ခြောက်လပိတ်ပင်ရန် တောင်းဆိုထားသည်။
နေမာကမူ ထိုစွဲချက်များကို ငြင်းဆန်ထားပြီး ၎င်းသည် ဆန်းတို့စ်မှ ဘာကာသို့ ပြောင်းရွှေ့ရာတွင် ခွင့်ပြုချက်ရယူခဲ့ကြောင်း ပြောသည်။ သို့သော် ဆန်းတို့စ်က နစ်နာမှုအတွက် လျော်ကြေးယူရို ၅၅ သန်းပေးရန် ဘာစီလိုနာထံ တောင်းဆိုထားသည်။
ဘရာဇီး အားကစားစာစောင် ဂလိုဘိုစပေါ့တီတွင် ဆန်းတို့စ်ဥက္ကဋ္ဌ မိုဒက်စတိုရိုးမား၏ ပြောစကားများကို ဖော်ပြထားရာ နေမာသည် ဖီဖာ၏ ခြစားမှုဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေး ဥပဒေပုဒ်မ ၆၂ ကို ချိုးဖောက်ခဲ့ကြောင်း ပါဝင်သည်။
ထိုပုဒ်မမှာ ကစားသမားများ ပြောင်းရွှေ့ခြင်းနှင့် သက်ဆိုင်သည်။ ထို့ကြောင့် ဆန်းတို့စ်၏ ထုတ်ပြန်ချက်တွင် နေမာသည် ပုဒ်မ ၆၂ အပြင်၊ ပုဒ်မ ၁၇(၃)၊ ၁၇(၅) တို့ကိုလည်း ချိုးဖောက်သဖြင့် ၎င်းကို တရားဝင်ပြိုင်ပွဲ အားလုံး၌ ပိတ်ပင်ထားရန် တောင်းဆိုထားကြောင်း ဖော်ပြသည်။
ဖီဖာသည် ယခင်ကလည်း ဆန်းတို့စ်ဘက်က နေမာ၏ဖခင်၊ ဘာစီလိုနာနှင့် ၎င်းတို့၏ အားကစားဈေးကွက်ကုမ္ပဏီ နေမာစပို့တ်တို့အား စွဲချက်တစ်ခု တင်ထားခြင်းကို ပယ်ချခဲ့သည်။
နေမာက အသင်းမှမထွက်မီ ဘာစီလိုနာနှင့် တရားဝင်စကားပြောရန် ဆန်းတို့စ်ဥက္ကဋ္ဌထံမှ ခွင့်ပြုချက်ကို ၂၀၁၁ တွင် ရခဲ့ကြောင်း ပြောကြားသည်။
Credit : 7Day Daily
အောင်မြင့်မြတ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment