Friday, October 23, 2015

စင်ကာပူ Merlion ဖလားပြိုင်ပွဲသို့ မြန်မာအသင်း ယှဉ်ပြိုင်မည်

စင်ကာပူ ဘောလုံးအဖွဲ့ချုပ် (FAS) က ကြီးမှုးကျင်းပမည့် ၂၀၁၆ စင်ကာပူ Merlion ဖလား ဘောလုံးပြိုင်ပွဲကို မြန်မာ့လက်ရွေးစင်အသင်း ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းပြိုင်ပွဲကို ယှဉ်ပြိုင်ရန်အတွက် FAS သည် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)ထံ တရားဝင် ဖိတ်ကြားခဲ့ပြီး MFF ကလည်း မြန်မာ့လက်ရွေးစင် အသင်းအား စေလွှတ်ယှဉ်ပြိုင်ရန် သဘောတူခဲ့ကြောင်း သိရသည်။

ယင်းပြိုင်ပွဲကို လာမယ့် ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီ နောက်ဆုံးပတ်တွင် ကျင်းပသွားမည်ဖြစ်ပြီး အိမ်ရှင်စင်ကာပူ လက်ရွေးစင်အသင်းလည်း ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကာ အာရှဒေသတွင်းမှ ကလပ်အသင်းများနှင့် လက်ရွေးစင် အသင်းများကို ဖိတ်ကြားထားကြောင်း သိရသည်။

စင်ကာပူ Merlion ဖလားပြိုင်ပွဲကို အသင်း ၄ သင်းဖြင့် ကျင်းပသွားမည်ဖြစ်ပြီး ယင်းပြိုင်ပွဲမှာ အစဉ်အလာကြီးမားသည့် ပြိုင်ပွဲဖြစ်ကာ နာမည်ကြီးအသင်းများ ၀င်ရောက် ယှဉ်ပြိုင်လေ့ရှိကြောင်း သိရသည်။

ယင်းပြိုင်ပွဲကို ပြီးခဲ့သည့် ၁၉၈၂ ခုနှစ်မှ စတင်ကျင်းပခဲ့ပြီး အာရှဒေသတွင်းမှ လက်ရွေးစင်အသင်းများ ၊ ဥရောပမှ ကလပ်အသင်းများ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ဖူးကာ နောက်ဆုံးကျင်းပသည့် ၂၀၀၉ ပြိုင်ပွဲတွင် ပရီးမီးယားလိဂ် ထိပ်သီးကလပ် လီဗာပူးလ်အသင်းက ဗိုလ်စွဲထားကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် အသင်းမှာလည်း ၂၀၁၆ ခုနှစ်အတွင်း ယှဉ်ပြိုင်ရမည့် နိုင်ငံတကာ ပြိုင်ပွဲများအတွက် ရည်ရွယ်ကာ ယင်းပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က ကိုင်တွယ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဂတ်ဖရိုင်းဒရစ်သည် လာမည့် နိုဝင်ဘာ ၇ ရက်တွင် ဟောင်ကောင်မြို့တွင် ခြေစွမ်းပွဲအဖြစ် ဟောင်ကောင် အသင်းနှင့် လည်းကောင်း နိုဝင်ဘာ ၁၂ ရက်တွင် တောင်ကိုရီးယားနိုင်ငံ ဆူဝန်မြို့တွင် ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် တောင်ကိုရီးယား အသင်းနှင့်လည်းကောင်း ယှဉ်ပြိုင်ရမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အသင်းသည် လာမည့် နိုဝင်ဘာလဆန်းမှ စ၍ လေ့လာမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်

No comments:

Post a Comment