မန်ယူအသင်းနှင့် အင်္ဂလန် အသင်းခေါင်းဆောင် ၀ိန်းရွန်နီသည် ပြီးခဲ့သည့် စနေနေ့က ကစားခဲ့သော ပရီးမီးယားလိဂ် ပွဲစဉ်(၉) အဲဗာတန် နှင့် မန်ယူပွဲတွင် အသင်းအတွက် တတိယဂိုးကို သွင်းယူခဲ့ရာ ယင်းဂိုးမှာ ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် အဝေးကွင်းများတွင် မိနစ်ပေါင်း ၁၅၅၀ ကြာ ဂိုးပေါက် ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့သည့် သွင်းဂိုးဖြစ်သည်။
ထို့ပြင် ရွန်နီ၏ ပရီးမီးယားလိဂ် သွင်းဂိုးမှာ ၁၈၇ ဂိုး ရှိသွားပြီဖြစ်ရာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းသူများ စာရင်းတွင် မန်ယူတိုက်စစ်မှုးဟောင်း အန်ဒီကိုးလ် စံချိန်ကို လိုက်မီခဲ့ပြီး ပူးတွဲဒုတိယအဖြစ် ရပ်တည်နိုင်ခဲ့သည်။
ဝိန်းရွန်နီသည် ပြီးခဲ့သည့် ၂၀၁၄-၂၀၁၅ ဘောလုံးရာသီက အာဆင်နယ်နှင့် ကစားခဲ့သော အဝေးကွင်းပွဲစဉ်တွင် တစ်ဂိုးသွင်းယူခဲ့ပြီး ယင်းနောက်ပိုင်း ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ် (၁၇) ပွဲဆက်တိုက် ဂိုးမသွင်းနိုင်ခဲ့ဘဲ ယခုမှ အဝေးကွင်းတွင် ဂိုးပြန်ရခြင်းဖြစ်သည်။
ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ်များတွင် ရွန်းနီ၏ ဂိုးပေါက်ပျောက်ဆုံးမှုများ ဆယ်လနီးပါး ( ၃၂၉ )ရက် ကြာမြင့်ခဲ့ပြီး အဲဗာတန်အသင်း၏ ဂူဒီဆင်ပတ်ခ် တွင်လည်း ၈နှစ်ကျော်ကြာမှ ပထမဆုံး ပရီးမီးယားလိဂ်ဂိုး ပြန်လည် သွင်းယူနိုင်ခြင်းလည်း ဖြစ်သည်။
အဲဗာတန် ကစားသမားဟောင်း တစ်ဦးဖြစ်သည့် ရွန်နီသည် ၂၀၀၇ ဧပြီလက ကစားခဲ့သော အဲဗာတန်-မန်ယူ ပွဲစဉ်တွင် ဂိုးသွင်းပြီးနောက်ပိုင်း ဂူဒီဆင်ပတ်ခ် တွင် ပရီးမီးယားလိဂ် ဂိုးသွင်းယူနိုင်ခြင်း မရှိတော့ဘဲ ယခုမှ ဂိုးပြန်လည် ရရှိခဲ့ခြင်းဖြစ်သည်။
ရွန်နီသည် ပရီးမီးယားလိဂ် ပွဲစဉ်စုစုပေါင်း (၄၁၅) ပွဲ ကစားခဲ့ရာတွင် ၁၈၇ ဂိုး သွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး နယူးကာဆယ် ၊ မန်ယူ ၊ ဘလက်ဘန်း ၊ ဖူလ်ဟမ် ၊ မန်စီးတီး ၊ ပို့စ်မောက် ၊ ဘာမင်ဂမ် ၊ ဆန်းဒါးလန်း အစရှိသော အသင်းများတွင် ကစားခဲ့သည့် အင်္ဂလန် တိုက်စစ်မှုးဟောင်း အင်ဒီကိုးလ်၏ စံချိန်နှင့် တူညီသွားခဲ့သည်။
အန်ဒီကိုးလ်သည် ပရီးမီးယားလိဂ် ကလပ်အသင်း များစွာတွင် ပွဲပေါင်း (၄၁၄) ပွဲကစားကာ ၁၈၇ ဂိုး သွင်းယူခဲ့ခြင်း ဖြစ်သည်။ ရွန်နီအနေဖြင့် ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းသူအဖြစ် စံချိန်တင်ထားသော တိုက်စစ်မှုးဟောင်း အလန်ရှီးယား၏ စံချိန်ကို လိုက်မီရန် ၇၃ ဂိုး လိုအပ်နေသေးကြောင်း သိရှိရသည်။
အလန်ရှီးယားသည် ဘက်လက်ဘန်း ၊ နယူးကာဆယ် အသင်းများတွင် ပရီးမီးယားလိဂ် ပွဲပေါင်း(၄၄၁)ပွဲ ကစားကာ သွင်းဂိုး ၂၆၀ ဂိုး သွင်းယူခဲ့ခြင်းဖြစ်သည်
No comments:
Post a Comment