Monday, October 12, 2015

လက်ဘနွန်နဲ့ပွဲကလိုခြေစွမ်းမျိုးရပါကလာအိုနှင့်ပွဲအခြေအနေကောင်းမည်

၂၀၁၈ ကမ္ဘာ့ဖလား အာရှဇုန် ဒုတိယအဆင့်ခြေစစ်ပွဲအုပ်စု ပဉ္စမပွဲအဖြစ် ယှဉ်ပြိုင်ရမည့် လာအိုအသင်းနှင့်ပွဲတွင် ပြီးခဲ့သည့် လက်ဘနွန်အသင်းနှင့်ပွဲ၌ ကစားခဲ့သည့် ခြေစွမ်းရရှိပါက ရလဒ်ကောင်းနိုင်ကြောင်း မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် အေဗရာမိုဗစ်ကပြောသည်။

မြန်မာအသင်းနှင့် လာအိုအသင်းသည် အောက်တိုဘာ ၁၃ ရက် မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ စူပါချာလာစိုင်းကွင်း၌ ယှဉ်ပြိုင်မည်ဖြစ်သည်။

မြန်မာအသင်းသည် နောက်ဆုံးယှဉ်ပြိုင်ထားသည့် လက်ဘနွန်အသင်းနှင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စုစတုတ္ထပွဲတွင် ပြိုင်ဘက်အသင်းကို ဖိအားပေး ကစားနိုင်ခဲ့သော်လည်း ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ထားသည်။

‘‘ပြိုင်ဘက်ကို လေးလေး စားစားနဲ့ ကျွန်တော်တို့ ယှဉ်ပြိုင် မှာပါ။ လက်ဘနွန်နဲ့ပွဲမှာ ကျွန်တော်တို့ ကစားပုံကောင်းခဲ့တယ်။ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့တယ်။ ဒါပေမဲ့ ဖန်တီးမှုတွေကို အသုံးမချနိုင်လို့ ဂိုးမရခဲ့ဘူး။ လက်ဘနွန်က အခွင့်အရေးနှစ်ကြိမ်မှာ နှစ်ကြိမ်စလုံး ဂိုးရသွားတယ်။ လက်ဘနွန်ပွဲမှာ ကစားခဲ့တဲ့ ပုံစံအတိုင်း ကစားမယ်ဆို ရလဒ်ကောင်းမှာ သေချာပါတယ်’’ဟု အောက်တိုဘာ ၁၂ ရက်က ပြုလုပ်ခဲ့သည့် ပွဲကြို သတင်းစာရှင်းလင်းပွဲ၌ အေဗရာမိုဗစ်က ပြောသည်။

မြန်မာအသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် အာရှဇုန်ဒုတိယအဆင့်မှ စတင်ယှဉ်ပြိုင်ရခြင်း ဖြစ်ပြီး အုပ်စု(ဆ)၌ တောင်ကိုရီးယား၊ ကူဝိတ်၊ လက်ဘနွန်၊ လာအိုအသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။

မြန်မာအသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲ လေးပွဲယှဉ်ပြိုင်ပြီးချိန်တွင် သုံးပွဲရှုံး၊ တစ်ပွဲသရေဖြင့် ရမှတ်တစ်မှတ် ရရှိထားကာ လာအိုအသင်းနှင့် ရမှတ်တူနေသော်လည်း ဂိုးကွာခြားချက်အရ လာအိုအသင်းက အဆင့်(၄) နေရာနှင့် မြန်မာအသင်းက အဆင့် (၅) နေရာတို့၌ ရပ်တည်နေသည်။

မြန်မာအသင်းသည် လာအိုအသင်းနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ ပထမအကျော့ယှဉ်ပြိုင်စဉ်က နှစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ထားသည်။

အောင်မြင့်မြတ်
Credit : 7Day Daily

No comments:

Post a Comment