လူငယ်သွေးသစ်များဖြင့် စုဖွဲ့ထားသည့် အင်္ဂလန်၏ အနာဂတ်သည် တောက်ပ လင်းလက်နေမည်ဟု ယုံကြည်ကြောင်း မန်နေဂျာ ရွိုင်ဟော့ဂ်ဆန်က ပြောကြားခဲ့သည်။
အင်္ဂလန်သည် ဥရောပဖလား ခြေစစ်ပွဲအဖြစ် ဗီလ်နီယက်စ်တွင် အိမ်ရှင် လစ်သူယေးနီးယားကို (၃-၀)ဖြင့် အနိုင်ရပြီးနောက် အုပ်စု(E)တွင် (၁၀)ပွဲကစား၊ (၁၀) ပွဲ အနိုင်ဖြင့် ရာနှုန်းပြည့် အောင်ပွဲခံကာ ခြေစစ်ပွဲ အောင်ခဲ့သည်။
အင်္ဂလန် ဘောလုံးသမိုင်းတွင် ပြိုင်ပွဲကြီးတစ်ခု၏ ခြေစစ်ပွဲအဆင့်၌ ထိုကဲ့သို့သော စွမ်းဆောင်ရည်မျိုးဖြင့် ပထမဆုံးအကြိမ် အောင်မြင်မှု ရရှိခဲ့ခြင်းလည်း ဖြစ်သည်။
“ကျေနပ်တာပေါ့ဗျာ။ ပွဲကို ကျွန်တော်တို့ ချဉ်းကပ်ပုံက ပထမဆုံး မိနစ် ကတည်းက မှန်ကန်ခဲ့တယ် ထင်ပါတယ်။ အသင်းရဲ့ ကစားပုံကို အားလုံး စိတ်လှုပ်ရှားကြမယ် ထင်တယ်”ဟု ဟော့ဂ်ဆန်က ဆိုသည်။
အင်္ဂလန်သည် ခြေစစ်ပွဲ အဆင့်တွင် လူငယ်ခြေတက် အများအပြားကို အသုံးပြုခဲ့ပြီး ဟော့ဂ်ဆန်က ပြင်သစ်မြေသို့ ခေါ်ဆောင်သွားရမည့် လူငယ်အင်အားစုကို ရွေးချယ်ရန် ခက်ခဲနေကြောင်းလည်း ဝန်ခံခဲ့သည်။
“လစ်သူယေးနီးယားနဲ့ ပွဲမှာဆိုရင် ချာတိတ် တော်တော်များများ ကစားခွင့် ရခဲ့တယ်။ တချို့က လက်ရွေးစင် အတွေ့အကြုံ ရှိပြီးပြီ။ တချို့က ပထမဆုံး လက်ရွေးစင်ပွဲကို ကစားခဲ့တာပါ။ ကျွန်တော်တို့မှာ အရည်အသွေးမြင့် လူငယ်ကစားသမားတွေ ရှိနေပါတယ်။
ဒီတော့ လူရွေးချယ်ရာမှာ ခေါင်းစားတာတော့ အမှန်ပဲ။ ပွဲဆက်တွေ များနေချိန်မှာ တချို့ ကစားသမားတွေကို အနားပေးလို့ရတဲ့ ကောင်းကျိုးမျိုးတော့ ရှိနေပါတယ်”ဟုလည်း ဟော့ဂ်ဆန်က ပြောကြားခဲ့သည်။
၎င်းက လစ်သူယေးနီးယားနှင့်ပွဲတွင် ဂိုးများ အသီးသီး သွင်းယူခဲ့သည့် အင်္ဂလန် လူငယ်နှစ်ဦးဖြစ်သည့် ရော့စ်ဘာကလေနှင့် အဲလက်စ်အော့စ်လိဒ် ချမ်ဘာလိန်တို့ကိုလည်း ချီးကျူးခဲ့သည်။
“ဘာကလေက သောကြာနေ့တုန်းက ဝင်ဘလေမှာ အကောင်းဆုံး ကစားပြခဲ့တယ်။ အခုပွဲမှာလည်း သူ့ရဲ့ ပုံစံကောင်းကို ဆက်ပြီး ပြသနိုင်တာကို ကျွန်တော်တို့ တကယ်ပဲ ဝမ်းသာပါတယ်။ အဲဗာတန် အသင်းကလည်း သူ့အတွက် ကျေနပ်နေမှာ သေချာတယ်။
ချမ်ဘာလိန်ကတော့ ပရီးမီးယားလိဂ်မှာ အချိန်တိုင်း ဝင်ကစားနေရသူ မဟုတ်ပါဘူး။ လစ်သူယေးနီးယားနဲ့ပွဲမှာ မိနစ်(၉၀)အပြည့် ကစားခွင့် ရခဲ့တာက သူ့အတွက် ကောင်းပါတယ်။ သူက ကစားခွင့် ရချိန်တိုင်း ပင်ကို ပါရမီကို အကောင်းဆုံး ထုတ်ပြတတ်သူ ဖြစ်ပါတယ်”ဟု ဟော့ဂ်ဆန်က မှတ်ချက်ပြုသွားသည်
No comments:
Post a Comment