Tuesday, October 13, 2015

ချယ်လ်ဆီး ပွဲထွက်စာရင်းတွင် ဟာဇက်နေရာအာမခံချက် မရှိ

မိမိ၏ လက်ရှိခြေစွမ်း ကျဆင်းနေမှုကြောင့် ချယ်လ်ဆီးတွင် ပွဲထွက်နေရာအတွက် ပူပန်စရာမလိုသည့် အဆင့်မျိုး မဟုတ်တော့ဟု အီဒင်ဟာဇက်က ဝန်ခံခဲ့သည်။

ပြီးခဲ့သည့် ရာသီက ပရီးမီးယားလိဂ် အကောင်းဆုံးဆုရှင် ဖြစ်ခဲ့သည့် ဘယ်လ်ဂျီယံ တောင်ပံ တိုက်စစ်မှူးသည် ချယ်လ်ဆီးမန်နေဂျာ ဟိုဆေးမော်ရင်ဟို၏ ပွဲထွက်စာရင်းတွင် အမြဲတမ်း အာမခံချက် ရထားသူ တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသည်။

သို့သော်လည်း ယခုရာသီ ချယ်လ်ဆီးအသင်း ရလဒ်ဆိုးရွားမှုများနှင့်အတူ ဟာဇက်၏ ခြေစွမ်းပါ ကျဆင်းနေသည့်နောက် မိမိသည် ပထမအသင်း၏ အထိမခံသည့် ကစားသမားတစ်ဦး မဟုတ်နိုင်တော့ဟု ဟာဇက်က ဖွင့်ဟခဲ့သည်။

ဝေဖန်မှု အချို့နှင့် ရင်ဆိုင်နေရသည့် အသက်(၂၄)နှစ်အရွယ် ကစားသမားက ၎င်း၏ ရုန်းကန်နေရမှုကို လက်ခံခဲ့ပြီး “ကျွန်တော်က အထိမခံတဲ့ အဆင့်မျိုး မဟုတ်တော့တာ အမှန်ပါပဲ။ ကိုယ်က ခြေစွမ်းအကောင်းဆုံး ကစားနေနိုင်ရင် အလိုလိုနေရင်း အထိမခံ အဆင့်မှာ ရှိနေလိမ့်မယ်။ မဟုတ်ရင်တော့ အဲဒီအခွင့်အရေး ရတော့မှာ မဟုတ်ဘူး”ဟု ဆိုသည်။

၎င်းက “ပေါ်တိုနဲ့ပွဲမှာ ကျွန်တော်က အရန်ခုံ ရောက်နေခဲ့တယ်။ မန်နေဂျာက ကျွန်တော့်ကို သတင်းစကားတစ်ခု ပါးလိုက်တယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ချယ်လ်ဆီး လူစာရင်းမှာ ကစားသမားတွေ အများကြီး ရှိနေတာပါ။ လူတိုင်း ကစားခွင့်ရဖို့လည်း လိုတယ်လေ”ဟုလည်း မှတ်ချက်ပြုခဲ့သည်။

ဟာဇက်က ယခုရာသီ ရလဒ်များ ဆိုးရွားနေသည့်တိုင် ချယ်လ်ဆီး၏ အမြင့်ဆုံး စွမ်းဆောင်ရည်ကို မော်ရင်ဟိုက တစ်ကျော့ပြန် ဆောင်ယူလာနိုင်မည်ဟု ယုံကြည်ထားကြောင်းလည်း ဆိုသည်။

“သူဘာတွေ ပြောခဲ့တယ် ဆိုတာရယ်၊ သူနဲ့ပတ်သက်ပြီး ဘာတွေရေးနေတယ် ဆိုတာရယ်ကို ကျွန်တော် သတင်းတွေ လိုက်ဖတ်မနေပါဘူး။ ဒါပေမဲ့ မော်ရင်ဟိုနဲ့ ပတ်သက်ပြီး ကျွန်တော် စိတ်ပူနေတာ မရှိဘူး။
သူဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး နည်းပြတစ်ယောက်ပါ။ ဒီလိုဖိအားတွေကို ကိုင်တွယ် ဖြေရှင်းနိုင်စွမ်း ရှိပါတယ်” ဟုလည်း ဟာဇက်က မော်ရင်ဟိုကို ထောက်ခံ ပြောကြားသွားသည်

No comments:

Post a Comment