အာဆင်နယ်အသင်းသည် တိုက်စစ်မှုး အလက်ဆစ် ဆန်းချက်ဇ်ကို လုပ်ခလစာ တိုးမြှင့်ပေးချေ၍ စာချုပ်သစ်ချုပ်ဆိုရန် ကမ်းလှမ်း ဆက်သွယ်ထားပြီဖြစ်ပြီး အဆိုပါစာချုပ်သစ် အကောင်အထည် ပေါ်လာခဲ့မည် ဆိုပါက ဆန်းချက်ဇ်မှာ အာဆင်နယ်အသင်း၏ သမိုင်းကြောင်း တစ်လျှောက်တွင် လုပ်ခလစာအများဆုံး ရရှိသည့် ကစားသမားအဖြစ် စံချိန်သစ် တင်သွားနိုင်တော့မည် ဖြစ်ကြောင်း Mail Online က ဖော်ပြထားသည်။
ဆန်းချက်ဇ်သည် လက်ရှိတွင် တစ်ပတ် လုပ်ခလစာ အကျိုးခံစားခွင့်အဖြစ် ပေါင် ၁၃၀၀၀၀ ရရှိနေပြီး အာဆင်နယ်အသင်း တာဝန်ရှိသူများကမူ ဆန်းချက်ဇ်ကို စာချုပ်သစ် ကမ်းလှမ်းသွားမည် ဆိုခြင်းမှလွဲ၍ အခြားသော အကြောင်းအရာများကို လျှို့ဝှက်ထားဆဲဖြစ်သည်။
အာဆင်နယ်အသင်းတွင် လုပ်ခလစာ အကျိုးခံစားခွင့် အများဆုံး ရရှိနေသူမှာ ကွင်းလယ်လူ အိုဇေးလ်ဖြစ်ပြီး အိုဇေးလ် တစ်ပတ်လုပ်ခလစာ ပမာဏမှာ ပေါင် ၁၄၀၀၀၀ ဖြစ်ကြောင်း အာဆင်နယ်အသင်းက ထုတ်ပြန်အသိပေးထားသည်။
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် အသင်းအတွက် အရေးပါသည့် ဂိုးများစွာကို ရယူပေးနေသည့် ဆန်းချက်ဇ်အား သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် လွန်ခဲ့သည့် သတင်းပတ် အနည်းငယ်ခန့် ကတည်းကပင် အသင်းတာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းနေခဲ့ခြင်းဖြစ်ပြီး လာမည့်သတင်းပတ် အနည်းငယ်အတွင်း စာချုပ်သစ်ချုပ်ဆိုရေး အသေးစိတ် အချက်အလက်များကို ဆန်းချက်ဇ်နှင့် စကားပြောဆိုသွားတော့မည်ဟု အာဆင်နယ် တာဝန်ရှိသူများက ဆုံးဖြတ်ထားကြပြီလည်း ဖြစ်သည်။
အာဆင်နယ်နှင့် ဆန်းချက်ဇ်အကြားတွင် လက်ရှိချုပ်ဆိုထားသော စာချုပ်သည် ၂၀၁၈ ခုနှစ် ဇွန်လသို့ ရောက်မှသာ သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။
No comments:
Post a Comment