Tuesday, October 13, 2015

ဒီပေး၏လူနေမှုပုံစံကိုမန်ယူအသင်းဖော်များစိတ်ပျက်

မန်ယူအသင်းမှ စီနီယာ ကစားသမားများသည် အသင်း၏ တောင်ပံကစားသမား မင်းဖစ်ဒီပေး၏ ကွင်းပြင်ပ လူနေမှုပုံစံအပေါ် စိတ်ပျက်လက်ပျက် ဖြစ်နေကြောင်း People သတင်းစာက ဖော်ပြသည်။

၎င်းသတင်းစာ၏ ဖော်ပြချက်အရ အသင်းဖော်များသာမက မန်ယူအသင်း တာဝန်ရှိသူ အချို့သည်လည်း ဒီပေး၏ လူနေမှုပုံစံ အချိုးမကျမှုကို စိုးရိမ်နေကြောင်း သိရှိရသည်။

ဒီပေးသည် မန်ချက်စတာမြို့အတွင်း သွားလာရာတွင် သူ့အား လူသတိထားမိစေမည့် ဆန်းပြားသည့် ဒီဇိုင်း အပြင်အဆင်များဖြင့် သွားလာလေ့ရှိသူဖြစ်ပြီး ယင်းကဲ့သို့ လိုအပ်သည်ထက် ထင်ပေါ်အောင် သွားလာနေခြင်းမှာ မဖြစ်သင့်ဟု စီနီယာကစားသမားများက ယူဆနေကြကြောင်း သိရသည်။

အထူးသဖြင့် ယခုနှစ် ဘောလုံးရာသီအစတွင် သူ၏ခြေစွမ်းအပေါ် မန်ယူပရိသတ်များက အားမလိုအားမရ ဖြစ်နေချိန်တွင် ဒီပေးအနေဖြင့် အနေအထိုင် ဆင်ခြင်သင့်သည်ဟု မန်ယူအသင်း အတွင်းလူ တစ်ဦးက ပြောသည်။

"မင်းဖစ် အပြင်မှာ သွားလာတဲ့ပုံတွေကို တခြားကစားသမားတွေထက် ပိုပြီး တွေ့နေရပါတယ်။ လက်ရှိအချိန်က သူ့ရဲ့အနေအထိုင်ကို ဆင်ခြင်ရမယ့် အချိန်ပါ။ ဘောလုံးကိုပဲ အာရုံစိုက်ကစားပြီး ကျန်တဲ့အရာတွေကို လျှော့သင့်ပါတယ်"ဟု ၄င်းမန်ယူ အတွင်းလူက ပြောကြားသည်။

ဒီပေးသည် နယ်သာလန်အသင်းသို့ ပြန်လည် ရောက်ရှိရာတွင်လည်း မီဒီယာများက အင်တာဗျူးရန် တောင်းဆိုခြင်းကို လက်မခံဘဲ ပယ်ချခဲ့၍ ဒတ်ခ်ျမီဒီယာများ၏ ဝေဖန်မှုကို ခံခဲ့ရသည်။

Credit : First Eleven
အောင်မြင့်မြတ်

No comments:

Post a Comment