Wednesday, February 24, 2016

ခြေစွမ်းပြန်ကောင်းလာအောင် ဂစ်က အကူအညီ ပေးနိုင်မည်ဟု ဒီပေးယုံကြည်

မိမိ၏ ခြေစွမ်း အမြင့်ဆုံးအဆင့် ပြန်ဖြစ်လာစေရန် ရိုင်ယန်ဂစ်က ကူညီပေးနိုင်လိမ့်မည်ဟု မမ်းဖစ်ဒီပေးက ပြောကြားခဲ့သည်။

နွေရာသီတွင် PSV အင်ဒိုဗန်မှ စတာလင်ပေါင် (၂၅)သန်းဖြင့် ပြောင်းရွှေ့လာသည့် တောင်ပံတိုက်စစ်သမားသည် ၎င်း၏ ပထမဆုံး ပရီးမီးယားလိဂ် ဖြတ်သန်းမှုတွင် အကြီးအကျယ် ရုန်းကန်နေရသည်။ ယမန်နှစ်က PSVအတွက် လိဂ်ပွဲည (၃၀) ကစားကာ (၂၂)ဂိုး သွင်းယူခဲ့သည့် နယ်သာလန် လက်ရွေးစင်သည် ယူနိုက်တက်တွင်မူ ပုံမှန် ခြေစွမ်းပျောက်ကာ ပွဲထွက်နေရာမှပင် ဖယ်ရှားခံခဲ့ရသည်။ သို့သော်လည်း မိမိကို ကူညီရန် အသင်းဂန္ထဝင် ကစားသမားဟောင်းနှင့် လက်ရှိ လက်ထောက် မန်နေဂျာဖြစ်သူ ဂစ်က စိတ်ဝင်တစား ကြိုးစားပေးနေကြောင်း ဒီပေးက ဖွင့်ဟခဲ့သည်။

လက်ရှိ ရာသီသည် ၎င်း၏ မျှော်မှန်းချက်အတိုင်း ဖြစ်မဖြစ် မေးမြန်းရာ ဒီပေးက “ဟင့်အင်း။ အခုထိတော့ ဖြစ်မလာသေးဘူး။ ဒါကို ကျွန်တော်လည်း သိပါတယ်။ ကျွန်တော်ကတော့ ဆက်ပြီး တိုက်ပွဲဝင်နေဦးမှာပဲ။ ကျွန်တော့် အနေနဲ့ ကိုယ့်ကိုယ်ကိုယ် အများကြီး မျှော်လင့်ထားတယ်။ ဒီအချက်က အရေးကြီးပါတယ်။ လောလောဆယ် အသင်းက အလုပ်များနေတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်း စွမ်းဆောင်ရည် တိုးတက်လာဖို့ ကြိုးစားရင်း အလုပ်ရှုပ်နေတာပါပဲ”ဧု ဖြေကြားခဲ့သည်။

၎င်းက “အခြေအနေတွေက ပြန်ကောင်းလာမှာပါ။ ယုံကြည်မှုနဲ့ အတွေ့အကြုံတွေက အထောက်အကူ ဖြစ်စေပါလိမ့်မယ်။ ကိုယ့်အမှားတွေကနေ သင်ယူဖို့တော့ လိုတယ်လေ”ဟုလည်း ဆိုသည်။ ၎င်းက ဂစ်နှင့် ပတ်သက်ပြီး “ဂစ်က ဂန္ထဝင် တစ်ယောက်ပါ။ သူက ကျွန်တော်နဲ့ စကားတော်တော် ပြောဖြစ်တယ်။ အကြံတွေလည်း ပေးတယ်။ သူဟာ အခြေအနေတိုင်းကို ကြုံတွေ့ ဖြတ်သန်းဖူးသူပါ။ ဒီတော့ လက်ရှိ အခက်အခဲလို အရာတွေအတွက် သူက ကျွန်တော့်ကို အကြံကောင်းတွေ ပေးနိုင်မှာပါ။ အသေးစိတ်တော့ မပြောချင်ဘူး။ ဒါပေမဲ့ ဂစ်က ကျွန်တော်နဲ့ တွဲပြီး အများကြီး အလုပ်လုပ်နေတယ်။ ဝိန်းရွန်နီကလည်း စဉ်းစားစရာ တော်တော်များများ ကျွန်တော့်ကို ပြောပြလေ့ရှိတယ်။ ဒီဂန္ထဝင် နှစ်ယောက်ဟာ ကျွန်တော့်အပေါ်မှာ အများကြီး လွှမ်းမိုးမှု ရှိပါတယ်။ ဒီလွှမ်းမိုးမှုကို အခြေခံပြီး ကျွန်တော် တစ်ခုခု လုပ်နိုင်မယ်လို့တော့ ယုံကြည်ပါတယ်”ဟုလည်း ပြောဆိုသွားသည်။

Credit – soccer myanmar



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment