Sunday, February 21, 2016

အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ မန်စီးတီးကို ချယ်လ်ဆီး ဂိုးမိုးရွာ

အက်ဖ်အေဖလားပဉ္စမအဆင့်ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းက မန်စီးတီးကို ဂိုးပြတ်သွင်းပြီး နောက်တစ်ဆင့်တက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ချယ်လ်ဆီးက အဓိက ကစားသမားတွေ ပွဲထုတ်ခဲ့ပေမယ့် မန်စီးတီးက တစ်သင်းလုံး အရန်တွေနဲ့သာ ပွဲထွက်ခဲ့ပါတယ်။မန်စီးတီးက ဂိုးသမားကာဘယ်လီရို၊ နောက်တန်းမှာ ဒီမီချယ်လီ၊ ကိုလာရော့ဗ်နဲ့ ဇာဘလက်တာတို့ ပွဲထွက်ခဲ့ပါတယ်။ ချယ်လ်ဆီးက ကော်စတာ၊ ဟာဇက်၊ ဝီလျံနဲ့ ပက်ဒရိုတို့ကို ပွဲထုတ်ခဲ့သေးတာကြောင့် ဒီပွဲကို တကယ်အားထည့်ကစားခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ လူငယ်တွေပွဲထုတ်ခဲ့တဲ မန်စီးတီးက ပွဲအစပိုင်းမှာ ပိုပြီးထိုးဖောက်မှု များခဲ့ပေမယ့် ချယ်လ်ဆီးရဲ့ တစ်ချက်တစ်ချက်မှ ထိုးဖောက်ချက်တွေကလည်း ဂိုးရလုနီးနီး ဖြစ်ခဲ့ပါတယ်။ ပွဲစပြီး မိနစ်သုံးဆယ်လောက်အထိ မန်စီးတီးအသင်းရဲ့ ဗျူဟာကို ချယ်လ်ဆီးက အကဲခပ်နေခဲ့ပုံ ရပါတယ်။၃၅ မိနစ်မှာ ချယ်လ်ဆီးအဖွင့်ဂိုးရပါတယ်။ ဟာဇက်ရဲ့ ဖြတ်တင်ဘောကို လူကပ်ခံရခြင်းမရှိတဲ့ ကော်စတာက ခေါင်းတိုက်သွင်းယူလိုက်တာပါ။ မန်စီးတီး နောက်တန်း အားပျော့လွန်းတယ်ဆိုတာ ထင်ရှားခဲ့ပါတယ်။ ဒါပေမယ့် နှစ်မိနစ်အကြာမှာ မထင်မှတ်ပဲ မန်စီးတီးအသင်း ချေပဂိုးပြန်ရပါတယ်။ ချယ်လ်ဆီးကစားသမား အက်ဇပီလီကွီတာ ဖျက်ထုတ်လိုက်တဲ့ ဘောလုံးကို အီဟွာနာချိုက ပိတ်သွင်းလိုက်တဲ့အတွက် မန်စီးတီး ချေပဂိုးရတာပါ။ဒါပေမယ့် ဒုတိယပိုင်း ပြန်စပြီး သုံးမိနစ်အကြမှာ ချယ်လ်ဆီး ဒုတိယဂိုး  ထပ်ရပြန်ပါတယ်။ တန်ပြန်တိုက်စစ်ကတဆင့် ဝီလျံက ဟာဇက်နဲ့ အပေးအယူလုပ်ပြီး သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ၅၃ မိနစ်မှာ ချယ်လ်ဆီး နောက်တစ်ဂိုး ထပ်ရပြန်ပါတယ်။ ဂိုးဧရိယာထဲမှာ မန်စီးတီးနောက်ခံလူ ဖာနန်ဒို ဖျက်ထုတ်လိုက်တဲ့ ဘောလုံးကို ကာဟေးလ်က ပိတ်သွင်းယူလိုက်တာပါ။ မန်စီးတီးဂိုးသမား ပေါ့ဆခဲ့တာလည်း ဖြစ်ပါတယ်။ချယ်လ်ဆီးအတွက် အနိုင်လုံးဝ သေချာသွားစေခဲ့တဲ့ ဂိုးကိုတော့ ပွဲချိန် ၆၇ မိနစ်မှာ ဟာဇက်က ပြစ်ဒဏ်ဘောကတဆင့် သွင်းယူလိုက်ပါတယ်။ ကော်စတာနေရာမှာ ထရာအိုရေး ဝင်လာပြီး ဝီလျံနေရာမှာ အော်စကာ ဝင်လာပါတယ်။ ၇၅ မိနစ်မှာ ချယ်လ်ဆီးပင်နယ်တီ ရခဲ့ပြီး အော်စကာ ကန်ချက် လွဲချော်သွားပါတယ်။ဒါပေမယ့်လည်း ပွဲမပြီးခင် မိနစ်ပိုင်းအလိုမှာ ထရာအိုရေးရဲ့ ခေါင်းတိုက်ချက်ဟာ အပေါ်ထောင်တက်သွားပြီး ဂိုးတိုင် ဆယ်ပြားစေ့ ထောင့်ထဲကို ကျသွားခဲ့လို့ ဂိုးသမားလည်း ဘာမှမတက်နိုင်ခဲ့ပါဘူး။ မန်စီးတီးအတွက် ကံရော၊ ခြေပါ မလိုက်တဲ့နေ့တစ်နေ့လည်း ဖြစ်ခဲ့ပါတယ်။

Credit – Duwun






အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment