မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်သည် နားလည်ရ ခက်သူ တစ်ဦးဖြစ်ပြီး ကစားသမားများ အနေဖြင့် ၎င်းနှင့် ဆက်ဆံရာတွင် အခက်အခဲများစွာ ကြုံရတတ်ကြောင်း လူငယ်ခံစစ်သမား ဂွီလာမို ဗာရဲလားက ထုတ်ဖော် ဝန်ခံခဲ့သည်။
အသက်(၂၂)နှစ်ရှိ ဥရုဂွေး ခံစစ်သမားလေးကို ယူနိုက်တက် မန်နေဂျာ ဒေးဗစ်မိုယက်စ် လက်ထက်က ခေါ်ယူထားခြင်း ဖြစ်သည်။ ဗာရဲလားက ဗန်ဂါးလ်သည် တောင်အမေရိက အခြေစိုက် ကစားသမားများနှင့် ဆက်ဆံရာတွင် ပြဿနာများ ရှိနေကြောင်း ကောလာဟလများကို ငြင်းဆန်ခဲ့သော်လည်း အသင်းနှင့် နယ်သာလန်သား မန်နေဂျာတို့ကြားတွင် ပုဂ္ဂိုလ်ရေး အမြင်မတူမှုအချို့ ကျန်ရှိနေဆဲဟု ဖွင့်ဟခဲ့သည်။ ဗာရဲလားသည် ယခုရာသီ ပရီးမီးယားလိဂ်တွင် (၂)ပွဲသာ ကစားထားရသေးသည်။
ဥရုဂွေး သတင်းစာ La Ovacionနှင့် အင်တာဗျူးတွင် ဗာရဲလားက “တောင်အမေရိက ကစားသမားတွေနဲ့ သူနဲ့ကြားမှာ အဆင်မပြေမှုတွေ ရှိတယ်လို့ ကောလာဟလတွေ ထွက်နေတယ်။ အမှန်အတိုင်း ပြောတာပါ။ ကျွန်တော်နဲ့တော့ ခုထိ ဘာပြဿနာမှ မရှိဘူး။ ကျွန်တော် သူ့အကြောင်း ပြောပြချင်တာက ရှင်းပါတယ်။ အတိအကျပဲ အဓိပ္ပါယ် ကောက်စေချင်တယ်။ ဗန်ဂါးလ်ဟာ စိတ်နေစိတ်ထား မှန်းရခက်သူပါ။ တစ်ခါတလေ သူနဲ့ ဆက်ဆံရတာ ကစားသမားတွေအတွက် အတော်လေး မလွယ်ကူပါဘူး။ ဒီအနေအထားက တော်တော်တော့ အကျပ်ရိုက်ပါတယ်။ အသင်းက ကစားသမား အများစုက ဆာအဲလက်စ် ဖာဂူဆန်ရဲ့ လက်အောက်မှာ အသားကျနေပြီးသားလေ။ ဆာအဲလက်စ် ထွက်ခွာသွားတာဟာ တော်တော်လေး သက်ရောက်မှု ကျယ်ပြန့်သွားတယ်လို့ ကျွန်တော် ခံစားမိပါတယ်”ဟု ပြောကြားခဲ့သည်။
ဗန်ဂါးလ်လက်ထက်တွင် တောင်အမေရိက ကစားသမားများ ဖြစ်ကြသည့် အိန်ဂျယ်လ် ဒီမာရီယာ၊ ရာဒါမယ် ဖယ်လ်ကာအိုနှင့် ရာဖေးလ် ဒါဆေးလ်ဗားတို့ အသင်းမှ ထွက်ခွာသွားကြသလို အာဂျင်တီးနား ခံစစ်မှူး မားကို့စ် ရိုဟိုသည်လည်း ဗန်ဂါးလ်နှင့် ပြဿနာအချို့ ရှိခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။
Credit – soccer myanamr
Friday, February 5, 2016
ဗန်ဂါးလ်သည်နားလည်ရခက်သူတစ်ဦးဟုခံစစ်မှုးဗာရဲလားဝန်ခံ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment