Saturday, February 27, 2016

ချန်ပီယံလုဖက်တွေ နည်းလာတဲ့ ၂၀၁၅-၁၆ ဘောလုံးရာသီ

၂၀၁၅-၁၆ ဘောလုံးရာသီက ပုံမှန်အတိုင်းပဲ ကမ္ဘာ့ဘောလုံးပရိသတ်တွေကို ဆွဲဆောင်ထားဆဲပါ။ ဒါကို ကျွန်တော်က 'ချန်ပီယံလုဖက်တွေ နည်းလာတဲ့ ၂၀၁၅-၁၆ ဘောလုံးရာသီ' လို့ ခေါင်းစဉ်တပ်လိုက်ရသလဲဆိုတော့ လက်ရှိ ဥရောပထိပ်တန်းလိဂ်ငါးခုရဲ့ အခြေအနေကို ကြည့်ပြီး အဲ့ဒီလို ခေါင်းစဉ်ပေးလိုက်ရတာဖြစ်ပါတယ်။

လက်ရှိ ဥရောပဘောလုံးရပ်ဝန်းက ထိပ်တန်းလိဂ်တွေလို့ နာမည်ခံထားတဲ့ ပရီးမီးယားလိဂ်၊ လာလီဂါ၊ စီးရီးအေ၊ ဘွန်ဒက်စ်လီဂါနဲ့ ပြင်သစ်လိဂ်တွေမှာ ချန်ပီယံဆုကို စိန်ခေါ်နိုင်မယ့် အသင်းတွေက အရင်ရာသီတွေကထက်ပိုနည်းလာသလို ချန်ပီယံဆုကို သေချာပေါက်ရနိုင်မယ့် အသင်းတွေက ရှိပြီးသားလိုတောင် ဖြစ်နေပါတယ်။ ပထမဆုံး ပရီးမီးယားလိဂ်ကို ကြည့်ပါ။

ပရီးမီးယားလိဂ်




ပရီးမီးယားလိဂ်မှာ အောက်တန်းအသင်းတွေကို ငွေသုံးနိုင်လာတာကြောင့် အသင်းကြီးတွေဟာ ပွဲတိုင်းကို အနိုင်ရမယ်လို့ ပြောလို့ မရတော့ပါဘူး။ အထူးသဖြင့် အဝေးကွင်းပွဲစဉ်တွေမှာပါ။ ဥရောပပြိုင်ပွဲတွေ၊ လိဂ်ဖလားပွဲတွေနဲ့ ရှုံးထွက်ဖလားပွဲကျပ်တွေ ရှိလာတဲ့ အချိန်တွေမှာဆို ပရီးမီးယားလိဂ်မှာ အသင်းကြီးတွေ ရုန်းကန်နေရတာ တွေ့လာရပါတယ်။ အခု လက်ရှိအချိန်မှာလည်း ဘယ်သူမှ ထင်မှတ်မထားတဲ့ လက်စတာက အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ လက်စတာက ၄၇ မှတ်၊ မန်စီးတီးနဲ့ အာဆင်နယ်က ၄၄ မှတ်စီ၊ စပါးက ၄၂ မှတ်နဲ့ အစဉ်လိုက် ရပ်တည်နေကြပါတယ်။ တကယ်တော့ ရာသီအစတုန်းက ချန်ပီယံဖြစ်နိုင်မယ့် အသင်းစာရင်းမှာ လက်စတာနဲ့ စပါး မပါဝင်ပါဘူး။

ချန်ပီယံလုရမယ့် အသင်းတွေအဖြစ် ဘွတ်ကီတွေ သတ်မှတ်ခဲ့တာက ချယ်လ်ဆီး၊ မန်ယူ၊ မန်စီးတီးနဲ့ အာဆင်နယ်တို့ပါ။ ဒါတောင် အာဆင်နယ်က ၁၅ နှစ်လောက် ပရီးမီးယားလိဂ်ချိန်ပီယံဆုနဲ့ ဝေးနေတဲ့ အသင်းပါ။ အခု ပွဲစဉ် ၂၃ ပွဲ ပြီးသွားခဲ့ပါပြီ။ ဒီအချိန်မှာ ချယ်လ်ဆီးကို ချန်ပီယံလောင်းစာရင်းထဲကနေ ထုတ်ပယ်ထားလိုက်လို့ ရပြီဖြစ်ပြီး မန်ယူရဲ့ လက်ရှိအခြေအနေကလည်း အဆင့်လေးဝင်ဖို့ကိုတောင် မနည်းရုန်းကန်ရမယ့် အနေအထားဖြစ်နေပါတယ်။ အဲ့ဒီတော့ လက်ရှိထိပ်ဆုံးလေးသင်းရဲ့ အခြေအနေကို ကြည့်ရတော့မှာပါ။ ထိပ်ဆုံးက လက်စတာ။ လက်စတာက ဘာအစဉ်အလာမှ ရှိတဲ့အသင်းမဟုတ်သလို ကစားသမားစုဖွဲ့မှုကလည်း အာဆင်နယ်၊ မန်စီးတီးတို့နဲ့ ယှဉ်လိုက်ရင် ဘာမှ မပြောပလောက်ပါဘူး။ ဒုတိယတန်းစား ကစားသမားတွေက ထိပ်တန်းကစားသမားတွေလို ခြေစွမ်းရနေလို့ လက်စတာတို့ ဒီလိုအခြေအနေမှာ ရပ်တည်နေနိုင်တာပါ။ အသင်းကြီးတွေရဲ့ ခြေချော်မှုကြောင့်လည်း လက်စတာ ဒီအခွင့်အရေးရနေတာပါ။ ဒီပုံစံအတိုင်းသွားမယ်ဆိုရင်တော့ လက်စတာ ချန်ပီယံဖြစ်နိုင်ခြေရှိပါတယ်။ ဒါပေမဲ့ ရာခိုင်နှုန်းအရဆို နည်းလွန်းပါတယ်။ ခက်ခဲတဲ့ ကာလတွေကို လက်စတာတို့ ဖြတ်ကျော်ရဦးမှာပါ။

ပြီးတော့ အဆင့်လေးက စပါး။ စပါးကတော့ အသင်းကြီးတစ်သင်းအဆင့်မှာ မရှိသေးတဲ့ အသင်းပါ။ အသင်းကောင်းဆိုပေမယ့် ခြေစွမ်းက အသင်းကြီးတစ်သင်းလို တည်ငြိမ်မှု မရှိပါဘူး။ ဒါကြောင့် စပါးအကြောင်းအများကြီးမပြောတော့ပါဘူး။ သူတို့က လက်စတာထက်တောင် ဖြစ်နိုင်ခြေနည်းပါသေးတယ်။

လက်စတာနဲ့ စပါးတို့ကို ဖယ်ကြည့်လိုက်ရင် အာဆင်နယ်နဲ့ မန်စီးတီးပဲ ကျန်ပါတယ်။ တကယ်လည်း ဒီနှစ်သင်းပဲ နောက်ဆုံးမှာ လုရမယ့် အနေအထားပါ။ အာဆင်နယ်က ချန်ပီယံဆုနဲ့ ဝေးကွာနေလို့ အစွမ်းကုန်ရုန်းမှာ ဖြစ်သလို မန်စီးတီးကလည်း အသုံးပြုထားတဲ့ငွေကြေးနဲ့ ထိုက်တန်တဲ့ အောင်မြင်မှု ပြန်ရဖို့ ကြိုးစားလာမှာ အသေအချာပါပဲ။ နှစ်သင်းစလုံးရဲ့ နည်းပြကြီးတွေအနေနဲ့လည်း ချန်ပီယံဆုဖလား ဖိအားရှိနေတာကြောင့် နောက်ဆုံး ဒီနှစ်သင်းထဲက တစ်သင်းပဲ ချန်ပီယံဖြစ်လာဖို့ ရှိနေပါတယ်။

လာလီဂါ



................

လာလီဂါမှာကတော့ ချန်ပီယံလုဖက် နည်းတာ အခုမှ မဟုတ်ပါဘူး။ အရင်ကတည်းကပါပဲ။ ဘာစီလိုနာနဲ့ ရီးယဲလ်။ ဒီနှစ်သင်းထဲက တစ်သင်းက ရာသီကုန် ချန်ပီယံဖြစ်မယ်။ ဒါက လာလီဂါရဲ့ ပုံသေနည်းပါ။ ဒီရာသီမှာ အက်သလက်က ထိပ်ဆုံးနားမှာ အသင်းကြီးနှစ်သင်းကို ပုခုံးချင်းယှဉ်နေလို့ အရင်နှစ်ကထက် တစ်သင်းပိုလာတယ်လို့ ထင်စရာရှိပါတယ်။ ဒါပေမဲ့ တကယ်တော့ အဲ့ဒီလို မဟုတ်ပါဘူး။ ရာသီအစကနေ အခုအချိန်ထိ ကြည့်လိုက်ပါ။ ရာသီအစတုန်းက ဘာစီလိုနာမှာ မက်ဆီဒဏ်ရာရနေခဲ့လို့ ရုန်းကန်ခဲ့ရပေမယ့် အခု အချိန်မှာတော့ ဘာစီလိုနာက သူတို့ကစားချင်ရင် အသင်းတိုင်းကို အနိုင်ယူနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။ လက်ရှိမှာလည်း အက်သလက်၊ ရီးယဲလ်တို့ထက် တစ်ပွဲလျော့ကစားထားပြီး ၄၈ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတာပါ။

အက်သလက်က ၂၁ ပွဲအပြီး ၄၈ မှတ်ရထားတယ်ဆိုပေမယ့် ဒီရာသီမှာ တိုက်စစ်အားက အလွန်နည်းလွန်းပါတယ်။ အသင်းကြီးတစ်သင်းအနေနဲ့ ဂိုး ၃၀ သာသွင်းထားနိုင်တာက ချန်ပီယံဖြစ်ဖို့ မလုံလောက်ပါဘူး။ အက်သလက် ဒီအခြေအနေရောက်နေတယ်ဆိုတာ ခံစစ်ပိုင်းမာကျောလွန်းလို့ပါ။ ဒီပုံအတိုင်း ရှေ့ဆက်မယ်ဆိုရင် ချန်ပီယံဆုရဖို့ ဆိုတာ လုံးဝအလွယ်ကူပါဘူး။

ရီးယဲလ်ကိုကြည့်တော့လည်း ဘင်နီတက်ဇ်လက်ထက်မှာ အသင်းက ပုံစံကောင်းမရ။ ဇီဒန်းကိုင်တွယ်တော့လည်း အသင်းက ကောင်းချင်ရင် တအားကောင်းပြီး ညံ့ပြီဆိုရင်လည်း ဂိုးတစ်ဂိုးရဖို့ကို အတော်လေးရုန်းကန်နေရပါတယ်။ စီရော်နယ်ဒို ခြေမတွေ့တဲ့နေဆိုရင်လည်း ရီးယဲလ်က နိုင်ပွဲရဖို့ ရုန်းကန်ရတတ်ပြန်ပါတယ်။ ပြီးတော့ ဇီဒန်းရဲ့ နည်းပြအတွေ့အကြုံမကြွယ်ဝမှုပါ။ ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ လာလီဂါပြိုင်ပွဲ နှစ်ခု တစ်ပြိုင်တည်းကစားရတော့မယ်ဆိုရင် စကားပြောလာဖို့ရှိပါတယ်။ ဒါကြောင့် ရီးယဲလ်လည်း အမှတ်ပေးချန်ပီယံဆုရဖို့ ရာခိုင်နှုန်းနည်းပါတယ်။ ထိပ်ဆုံးသုံးသင်းစလုံးရဲ့ အနေအထားကို ယှဉ်ကြည့်လိုက်မယ်ဆိုရင် ဘာစီလိုနာအသင်းတစ်သင်းသာ ပုံမှန်ချီတက်သွားနိုင်ဖို့ ရှိတာကြောင့် လာလီဂါက အဖြေပေါ်ပြီးသားလို့တောင် ပြောရမလိုပါပဲ။

စီးရီးအေ




..............

စီးရီးအေရာသီအစတုန်းက ဂျူဗင်တပ်စ်အသင်း တပ်ပျက်နေလို့ ဒီနှစ်တော့ ချန်ပီယံဆုကို ငါးသင်းလောက်အပြိုင်လုရမယ်လို့ ထင်ခဲ့တာပါ။ ဒါပေမဲ့ လက်ရှိအချိန် ရောက်လာချိန်မှာတော့ ဂျူဗင်တပ်စ်အသင်းက တောက်လျှောက်နိုင်ပွဲတွေ ဆက်လာပြီး ဒုတိယနေရာကို ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ နာပိုလီနဲ့ ၂ မှတ်ပဲ ကွာတဲ့ အနေအထားပါ။ ချန်ပီယံလုဖက်တွေလို့ သတ်မှတ်ထားတဲ့ ရိုးမား၊ အေစီမီလန်နဲ့ အင်တာမီလန်တို့ကတော့ ပုံမှန်ခြေစွမ်းရဖို့နဲ့ ခြေစွမ်းတည်ငြိမ်ဖို့ကို ကြိုးစားနေရဆဲဖြစ်ပါတယ်။ လက်ရှိမှာ နာပိုလီနဲ့ ဂျူဗင်တပ်စ်နှစ်သင်းကလွဲလို့ စီးရီးအေမှာ ဘယ်အသင်းမှ ခြေစွမ်းတည်ငြိမ် မှန်ကန်မှု မရှိပါဘူး။

ဂျူဗင်တပ်စ်တို့သာ တောက်လျှောက်ဒီပုံစံအတိုင်းဆက်ထိန်းနိုင်မယ်ဆိုရင် ငါးနှစ်ဆက်တိုက် ချန်ပီယံဆုကို သိမ်းပိုက်နိုင်ဦးမှာပါ။ နာပိုလီကတော့ ဂျူဗင်တပ်စ်ရဲ့ အဓိက ပြိုင်ဘက် ဖြစ်လာပါလိ့မ်မယ်။ ကျန်ချန်ပီယံလုဖက်တွေထဲမှာတော့ အင်တာတစ်သင်းလောက်သာ လောက်လောက်လာလားရှိပြီး ကျန်နှစ်သင်းက အဆင့်သုံးအတွင်းဝင်ဖို့ကိုပဲ အသည်းအသန်ကြိုးပမ်းရပါလိ့မ်မယ်။ ဒါကြောင့် စီးရီးအေမှာလည်း နောက်ဆုံး ဂျူဗင်တပ်စ်ပဲ ချန်ပီယံဖြစ်လာဖို့ ရာခိုင်နှုန်းများနေပါတယ်။

ဘွန်ဒက်စ်လီဂါနဲ့ ပြင်သစ်လိဂ်





............................................

ဘွန်ဒက်စ်လီဂါနဲ့ ပြင်သစ်လိဂ်ကတော့ ရှင်းပါတယ်။ ဘွန်ဒက်စ်လီဂါမှာဆိုရင် ဘိုင်ယန်မြူးနစ်၊ ပြင်သစ်လိဂ်မှာဆိုရင် ပီအက်စ်ဂျီ ဒီနှစ်သင်းကို ချန်ပီယံဆု ကြိုပေးထားလို့တောင် ရပါတယ်။ ဘွန်ဒက်စ်လီဂါမှာ ဘိုင်ယန်က ၄၉ မှတ်နဲ့ဦးဆောင်နေပြီး ဒုတိယနေရာက ဒေါ့တ်မွန်က ၄၁ မှတ်ရထားပါတယ်။ တတိယနေရာက ဟာသာဘာလင်က ၃၃ မှတ်ဖြစ်လို့ မေ့ထားလိုက်လို့ ရပါပြီ။ ဒေါ့တ်မွန်အနေနဲ့ ပုံမှန်အတိုင်းရှေ့ဆက်နိုင်မယ်ဆို ဘိုင်ယန်ကို ခြိမ်းခြေက်နိုင်မှာ ဖြစ်ပြီး ခြေစွမ်း ယိမ်းယိုင်ခဲ့ရင်တော့ ရာသီမဆုံးခင်မှာပဲ ဘိုင်ယန် ချန်ပီယံဖြစ်ပါလိ့မ်မယ်။

ပြင်သစ်လိဂ်က ဘွန်ဒက်စ်လီဂါထက်တောင် ပိုရှင်းပါတယ်။ အမှတ်ပေးဇယားထိပ်ဆုံးက ပီအက်စ်ဂျီက အမှတ် ၆၀ ရထားပြီး၊ ဒုတိယနေရာက မိုနာကိုက ၃၉ မှတ်ရထားပါတယ်။ ရမှတ် ၂၁ မှတ်ကွာဟနေပြီဖြစ်လို့ ပီအက်စ်ဂျီကို ချန်ပီယံလို့တောင် သတ်မှတ်ထားလို့ ရနေပါပြီ။

ဒါကြောင့် ဥရောပထိပ်တန်းလိဂ်ငါးခုလုံး နောက်ဆုံးအချိန်အထိ အမှန်တကယ်အပြိုင်အဆိုင်ဖြစ်လာနိုင်တာဆိုလို့ သေချာစိစစ်ကြည့်ရင် ပရီးမီးယားလိဂ်လောက်ပဲ ရှိပါလိ့မ်မယ်။ ကျန်လိဂ်တွေမှာတော့ ဘာစီလိုနာ၊ ဂျူဗင်တပ်စ်၊ ဘိုင်ယန်မြူးနစ်နဲ့ ပီအက်စ်ဂျီတို့သာ ချန်ပီယံဆု ရဖို့ ရာခိုင်နှုန်းများနေကြောင်း တင်ပြရင်း .

Credit – Hyper Sports



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment