Wednesday, February 10, 2016

MMA ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ရန် ရိုးရာလက်ဝှေ့သမားရှစ်ဦး ရွေးချယ်မည်

ကိုယ်ခံပညာပေါင်းစုံ အသုံးပြုယှဉ်ပြိုင်မည့် (Mixed Martial Art- MMA) One Championship ပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်မည့် မြန်မာ့ရိုးရာ လက်ဝှေ့သမားများ လူရွေးချယ်ပွဲကို ဖေဖော်ဝါရီ ၁၁ ရက်တွင် ကန်တော်ကြီးပဲလေ့စ် ဟိုတယ်၌ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

၂၀၁၆ မတ်လ ၁၈ ရက်တွင် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ကျင်းပမည့် ယင်းပြိုင်ပွဲတွင် မြန်မာ့ရိုးရာ လက်ဝှေ့သမားများ ၀င်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားပြီး ရိုးရာလက်ဝှေ့သမားများ ယှဉ်ပြိုင်မည့် တွဲဆိုင်းလေး ဆိုင်းထည့်သွင်း ကျင်းပမည်ဖြစ်၍ ပါဝင်ယှဉ်ပြိုင်မည့် လက်ဝှေ့သမား ရှစ်ဦးကို ရွေးချယ်မှုပြုလုပ်မည် ဖြစ်ကြောင်း ပွဲစီစဉ်သူ ဦးဇေသီဟက ပြောသည်။

‘‘ဖေဖော်ဝါရီ ၁၁ ရက်မှာ လက်ဝှေ့သမားတွေကို လူရွေးချယ်မှု ပြုလုပ်မယ်။ ရွေးပြီးရင် MMA ပြိုင်ပွဲမှာ အသုံးပြုတဲ့ ဂျူဂျစ်ဆု ကစားနည်းကို တစ်လလောက် သင်ပေးမယ်။ တွဲဆိုင်းလေးဆိုင်း ထည့်သွင်း ကျင်းပမှာ ဆိုတော့ ၀ိတ်တန်းတူတဲ့ ကစားသမားရှစ်ယောက်ကို ရွေးချယ်မယ်။ ရွေးထားတဲ့ ကစားသမားတွေ ကလေးဆိုင်း၊ အရင်နှစ် ချန်ပီယံဖြစ်ထားတဲ့ တွဲဆိုင်းက သုံးဆိုင်းလောက်ပါမယ်’’ ဟု ၎င်းက ပြောသည်။ယင်းပြိုင်ပွဲတွင် အမေရိကန် နိုင်ငံ၌ မြန်မာ့စပါးကြီးမြွေ (Bur-mese Python) ဟု ကျော်ကြားသည့် ကချင်တိုင်းရင်းသား အောင်လအန်ဆိုင်း ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ပြီး လက်ရှိ၌ ၎င်းနှင့် ယှဉ်ပြိုင်မည့် ပြိုင်ဘက်သတ်မှတ်ရခြင်း

မရှိသေးသော်လည်း ဖေဖော်ဝါရီ တတိယပတ်တွင် သတင်းထုတ်ပြန်ပေးမည် ဖြစ်ကြောင်း ဦးဇေသီဟက ဆိုသည်။

‘‘တွဲဆိုင်း ဘယ်နှစ်ဆိုင်းပါမလဲ ဆိုတာ One Championship က တာဝန်ရှိသူတွေနဲ့ အစည်းအဝေးလုပ်ပြီး ဆုံးဖြတ်ရမယ်။ အနည်းဆုံးတော့ တွဲဆိုင်း ၁၀ ဆိုင်းလောက် ပါဝင်ဖို့ရှိတယ်။ အခု လက်ရှိအချိန်မှာ တွဲဆိုင်းတွေ ထွက်ပေါ်လာခြင်း မရှိသေးပေမယ့် ပြိုင်ပွဲကျင်းပမယ့် နှစ်ပတ်လောက် အလိုမှာ ထုတ်ပြန်ပေးမယ်’’ဟု ၎င်းက ပြောသည်။

အဆိုပါပြိုင်ပွဲကို စင်ကာပူ အခြေစိုက် မီဒီယာလုပ်ငန်းစု One Championship (ONE) နှင့် မြန်မာနိုင်ငံမှ AGD ဘဏ်တို့ ပူးပေါင်း ကျင်းပခြင်း ဖြစ်သည်။ ကချင်တိုင်းရင်းသား အောင်လအန်ဆိုင်းသည် MMA ပြိုင်ပွဲများ၌ မစ်ဒယ်ဝိတ်တန်းတွင် ယှဉ်ပြိုင်နေသူဖြစ်ပြီး ၂၅ ပွဲကစားရာ၌ ၁၆ ပွဲအနိုင်ရရှိ ထားသည်။ ၎င်း၏ ပြိုင်ဘက်ကို မသိရသေးသော်လည်း ပြိုင်ဘက်ကို ကြောက်ရွံ့နေမည် မဟုတ်ဘဲ အကောင်းဆုံး ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ဇန်န၀ါရီ ၇ ရက်က ပြု လုပ်ခဲ့သည့် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

Credit – 7daydaily



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment