Wednesday, February 24, 2016

အာဆင်နယ် ပရိသတ်များ ဆဲရေးမှုကြောင့် တူရကီ ရုပ်မြင်သံကြားဌာနတစ်ခု အစီအစဉ်များ ကမောက်ကမဖြစ်ခဲ့

ချန်ပီယံလိဂ် ပွဲစဉ်တွင် အာဆင်နယ် ပရိသတ်များ၏ ဆဲရေး တိုင်းထွာမှုများကြောင့် တိုက်ရိုက် ပွဲသုံးသပ် တင်ဆက်မှုကို တူရကီ ရုပ်မြင်သံကြား အစီအစဉ်မှူး နှစ်ဦးက ရပ်တန့်လိုက်ရကြောင်း သိရသည်။

အာဆင်နယ်သည် ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပွဲစဉ်အဖြစ် အိမ်ကွင်း အမ်းမရိတ်စ်တွင် လီယွန်နယ် မက်ဆီ သွင်းယူသော ဂိုးနှစ်ဂိုးဖြင့် ဘာစီလိုနာကို ဒူးထောက်ခဲ့ရသည်။ အဆိုပါ ပွဲစဉ်သည် ယခုသီတင်းပတ်တွင် ဥရောပ တစ်တိုက်လုံး စောင့်ကြည့်ရသည့် ပွဲတစ်ပွဲ ဖြစ်ခဲ့ပြီး TRT ရုပ်မြင်သံကြား ဌာနကလည်း ထုတ်လွှင့် ပြသခဲ့သည်။ ထိုပွဲအတွက် သုံးသပ်ကြေညာမှုများကိုလည်း တိုက်ရိုက် ထုတ်လွှင့်နေရာ အစီအစဉ်မှူး နှစ်ဦးသည် အာဆင်နယ် ပရိသတ်များနှင့် နီးကပ်စွာ ရှိနေချိန်၌ ဆဲရေးသံများ ထင်ထင်ရှားရှား ကြားနေရသဖြင့် မိုက်များကို ပိတ်ကာ တိုက်ရိုက် တင်ဆက်မှုကို ရပ်ဆိုင်းခဲ့ရသည်။

TRT၏ အစီအစဉ်မှူးများ တိုက်ရိုက် ပွဲသုံးသပ် ကြေညာမှု ရပ်နားလိုက်ရသော ကိစ္စသည် တူရကီ၏ လူမှုကွန်ရက်များတွင် အဓိက လူပြောများသည့် ကိစ္စတစ်ခုလည်း ဖြစ်နေသည်။ အစီအစဉ်မှူး ယယ်လ်ဆင်ကီတင်နှင့် အိုမာ အူရွန်ဒူလ်တို့သည် အာဆင်နယ် ပရိသတ်များနှင့် အနီးဆုံး နေရာတစ်ခုမှ တိုက်ရိုက် ဝေဖန်သုံးသပ်နေခြင်း ဖြစ်သည်။ အာဆင်နယ် ပရိသတ်များသည် ဒိုင်လူကြီး ကူညက် ကက်ကာ၏ စွမ်းဆောင်ရည်ပိုင်းကို ကျေနပ်မှု မရှိသည့်နောက် အတုံးလိုက် အတစ်လိုက် ဝေါဟာရများဖြင့် ဆဲရေးနေကြခြင်း ဖြစ်သည်။

အစီအစဉ်မှူး နှစ်ဦးသည် ၎င်းတို့၏ တင်ဆက်မှုတွင် ယင်းအသံများ မပါစေရန် ကြိုးစားခဲ့သော်လည်း အဆင်မပြေခဲ့ချေ။ အိုလီဗာဂီရော့ဒ်နှင့် ယော်ဒီအယ်လ်ဘာတို့ ထိပ်တိုက်တွေ့ကြချိန်တွင် ပေါက်ကွဲဆဲရေးသံများ ပိုမို ဆူညံလာသည့်နောက် အခြေအနေ မကောင်းတော့မှန်း သတိပြုမိလာပြီး ပွဲချိန် (၆၅)မိနစ်တွင် တိုက်ရိုက် အစီရင်ခံ တင်ဆက်မှုကို ရပ်နားလိုက်ရသည်။ ၎င်းတို့က မိမိတို့ အနေဖြင့် လက်ရှိ နေရာမှ ရွှေ့ပြောင်းရန်အပြင် ရွေးချယ်စရာ မရှိတော့ဟု ပြောကြားပြီး ထွက်ခွာသွားသည်။ ထို့ကြောင့် ပွဲသုံးသပ် အစီရင်ခံမှုကို တူရကီရှိ TRT၏ စတူဒီယိုတွင်း အဖွဲ့တစ်ခုက ဆက်လက် တာဝန်ယူသွားခဲ့ရကြောင်း သိရသည်။

Credit – soccer myanmar 




အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment