မန်ယူအသင်းသည် လက်ရှိဘောလုံးရာသီတွင် ဖလားပြိုင်ပွဲများ၌ ရလဒ်ကောင်းများ ရယူနိုင်ခြင်းမရှိခဲ့သော်လည်း ၀င်ငွေပမာဏ တိုးပွားနေဆဲဖြစ်ကာ ယင်းသို့ မန်ယူ၏၀င်ငွေပမာဏ မြင့်တက်နေရသည့် အဓိကအကြောင်းရင်းမှာ များပြားလှသည့် ရုပ်သံလွှင့်ခ ကျောထောက် နောက်ခံရှိနေ၍ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူသည် ချန်ပီယံလိဂ်တွင် အုပ်စုအဆင့်က ထွက်ခဲ့ရသော်လည်း ဆုကြေးငွေခံစားခွင့် ပေါင် ၂၈ သန်း ရရှိမည်ဖြစ်ကာ ယူရိုပါလိဂ်ပြိုင်ပွဲတွင် ရလဒ်ကောင်းများ ရယူနိုင်ခဲ့မည်ဆိုပါက မန်ယူ၏၀င်ငွေပမာဏမှာ ထပ်မံတိုးပွားလာလိမ့်ဦးမည်ဖြစ်သည်။
မန်ယူသည် လက်ရှိတွင် အက်ဖ်အေဖလားပြိုင်ပွဲ၌ ပဉ္စမအဆင့်သို့ တက်လှမ်းရောက်ရှိနေပြီဖြစ်ပြီး အကယ်၍ ပဉ္စမအဆင့်၌ ရှရူးဘူရီကိုအရေးနိမ့်ခဲ့သည့်တိုင် မန်ယူ၏၀င်ငွေပမာဏမှာ ပေါင် ၃ ဒသမ ၃သန်း ရှိလိမ့်မည်ဖြစ်ကြောင်း မြင်တွေ့ကြရသည်။
မန်ယူသည် အက်ဖ်အေဖလား တတိယအဆင့်နှင့် စတုတ္ထအဆင့်တို့တွင် နိုင်ပွဲများရယူနိုင်ခဲ့သည့် အတွက် ဆုကြေးအကျိုးခံစားခွင့် ပေါင်ငါးသိန်းသာ ရရှိမည်ဖြစ်သော်လည်း ၎င်းယှဉ်ပြိုင်ကစားသည့် အက်ဖ်အေဖလားပွဲစဉ်တိုင်းကို ရုပ်သံက တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့သည့်အတွက် ယင်းကတစ်ဆင့် အခြားသောဝင်ငွေများကို ရရှိလိမ့်မည်ဖြစ်ကာ ကမ္ဘာတစ်ဝန်းတွင် များပြားလှသည့် ပရိသတ်အင်အား ထုတစ်ရပ်ကို ပိုင်ဆိုင်ရရှိထားသည်မှာ မန်ယူ၏ကြီးစွာသောအားသာချက်ပင်ဖြစ်ကြောင်း Sky Sports ရုပ်သံဌာနက သုံးသပ်ထားသည်။
မန်ယူသည် အာရှနှင့်မြောက်အမေရိကတစ်လွှားတွင် အမာခံပရိသတ်အင်အားစုတစ်ခုကို ထူထောင်ထား နိုင်ဆဲဖြစ်ကာ ယင်းအတွက် မန်ယူနှင့် စပွန်ဆာစာချုပ် ချုပ်ဆိုခွင့်ရနိုင်ရေးကို ကမ္ဘာ့ထိပ်တန်း စီးပွားရေးလုပ်ငန်းစုများက အပြိုင်အဆိုင် ကြိုးပမ်းနေကြခြင်းဖြစ်သည်။
မန်ယူအသင်းကို ကမ္ဘာ့စံချိန်တင်စပွန်ဆာကြေးဖြင့် ၀တ်စုံစပွန်ဆာပေးထားသည့် အက်ဒီးဒတ်စ်ကုမ္ပဏီသည် လက်ရှိဘောလုံးရာသီအတွင်း မန်ယူအသင်းဂျာစီများကို လက်ကျန်မရှိတော့သည်အထိ ရောင်းချလိုက်ရပြီဖြစ်ကာ ဘောလုံးကွင်းတွင်းရလဒ်များ ဆိုးရွားနေသော်လည်း ကွင်းပြင်ပစီးပွားရေးလုပ်ငန်းများတွင် မန်ယူမှာ ထိပ်ဆုံးနေရာ၌ ရပ်တည်နေဆဲဖြစ်ကြောင်း အသင်းဈေးကွက်တာဝန်ခံ ရစ်ချတ်အာနိုးလ်ကလည်း ၀င့်ကြွားပြောဆိုထားသည်။
Credit – the voice weekly
Tuesday, February 9, 2016
ဖလားပြိုင်ပွဲများတွငိရလဒ်မကောင်းသော်လည်းမန်ယူအသင်းဝင်ငွေတိုးပွား
Subscribe to:
Post Comments (Atom)
No comments:
Post a Comment