Wednesday, February 24, 2016

Capital One ဖလားကို ရခဲ့ပါက လီဗာပူးလ်၏ ခေတ်သစ်တစ်ခု အစပြုမှု ဖြစ်လာနိုင်ကြောင်း မစ်ဂ်နိုလတ် သုံးသပ်

Capital One ဖလားကိုသာ ဆွတ်ခူးနိုင်ခဲ့မည် ခေတ်သစ်တစ်ခု ထူထောင်ရန် အထောက်အပံ့ကောင်းများ ရရှိစေမည်ဟု ယုံကြည်ကြောင်း ဂိုးသမား ဆိုင်မွန် မစ်ဂ်နိုလတ်က မှတ်ချက်ပြုခဲ့သည်။

လွန်ခဲ့သည့် ၁၁ နှစ်က ချယ်လ်ဆီးသည် ဟိုဆေးမော်ရင်ဟို၏ ဦးဆောင်မှုဖြင့် အဆိုပါ ဆုဖလားကို ရရှိခဲ့ပြီး ထို့နောက်ပိုင်းတွင် အောင်မြင်သော ခေတ်တစ်ခုကို ထူထောင်နိုင်ခဲ့သည်။ လီဗာပူးလ် အနေဖြင့် လတ်တလောတွင် ရုန်းကန်နေရသော်လည်း တနင်္ဂနွေနေ့ ဗိုလ်လုပွဲတွင် မန်ချက်စတာစီးတီးကို အနိုင်ယူကာ ဖလားသိမ်းနိုင်ခဲ့ပါက မန်နေဂျာ ယာဂင် ကလော့ပ်၏ အောင်မြင်မှု အင်ပါယာကို တည်ဆောက်ရန် ကောင်းမွန်သည့် ခြေလှမ်းအစ ဖြစ်လာမည်ဟု ဘယ်လ်ဂျီယံ လက်ရွေးစင်က ယူဆလျက် ရှိသည်။

မစ်ဂ်နိုလတ်က “ချယ်လ်ဆီးအကြောင်း ကျွန်တော် မှတ်မိနေသေးတယ်။ အဲဒီတုန်းက သူတို့ လိဂ်ဖလား (Capital One၏ မူရင်းအမည်) ရခဲ့ပြီးတဲ့နောက် တခြားဖလားတွေ ဆက်တိုက်ရလာတယ်။ နှစ်ပေါင်းများစွာအတွင်း ပထမဆုံး ဆုဖလားတစ်လုံး ရခဲ့တာက သူတို့အတွက် ယုံကြည်မှု မြှင့်တင်ပေးသလိုလည်း ဖြစ်သွားတယ်လေ။ ကျွန်တော်တို့ အသင်းမှာ လူငယ်တွေ အများကြီး ပါဝင်နေတယ်။ ဆုဖလား တစ်လုံးလောက် ကိုင်မြှောက်ခွင့်ရရင် အောင်မြင်မှုတွေကို ပိုပြီး ဆာလောင်လာမှာပါ။ ဒီတော့ မျှော်လင့်သလို ကျွန်တော်တို့ လုပ်နိုင်မယ်လို့ ယုံကြည်ထားရအောင်။ ဒါပေမဲ့ ကျွန်တော်တို့ အနေနဲ့ အကောင်းဆုံး စွမ်းဆောင်ရည်မျိုး ပြသဖို့တော့ ကြိုးစားရပါလိမ့်မယ်”ဟု မှတ်ချက်ပြုခဲ့သည်။

လီဗာပူးလ်သည် နိုဝင်ဘာလ အတွင်းက မန်စီးတီးကို ပရီးမီးယားလိဂ်တွင် (၄-၁)ဖြင့် အနိုင်ရခဲ့ဖူးသည်။ သို့သော်လည်း အဆိုပါပွဲ ရလဒ်သည် ဗိုလ်လုပွဲ အပေါ် သက်ရောက်မှု ရှိနိုင်မည် မဟုတ်ဟု ဆန်းဒါးလန်း ဂိုးသမားဟောင်းက ဆိုသည်။ “အဲဒီနေ့က ကျွန်တော်တို့ အရမ်း ခြေတွေ့နေခဲ့တယ်။ ကျွန်တော်တို့ ထူးထူးကဲကဲ ဂိုးတွေ သွင်းနိုင်ခဲ့သလို ပြိုင်ဘက်ကို အခွင့်အရေး သိပ်မပေးဘဲ ဟန့်တားခဲ့တယ်။ ဒီအရည်အသွေးမျိုး ကျွန်တော်တို့ အသင်းမှာ ရှိပါတယ်။ ဒါပေမဲ့ ဒီအရည်အသွေးကို သီတင်းပတ်တိုင်း ထုတ်သုံးနိုင်ဖို့ ဆိုတာကတော့ လုံးဝကို ကွဲပြားတဲ့ အခြေအနေ တစ်ရပ်ပါ။ မန်စီးတီးက ကျွန်တော်တို့ ဘာလုပ်နိုင်တယ် ဆိုတာကို သိနေပါတယ်။ သူတို့ဟာ ခြားနားတဲ့ စိတ်ဓာတ်ရေးရာ ချဉ်းကပ်မှုမျိုးနဲ့ ပြင်ဆင်ထားပါလိမ့်မယ်။ ကျွန်တော်တို့က ကိုယ်ပိုင် စွမ်းဆောင်ရည် အတွက်ပဲ ကြည့်ရမှာပါ။ အကောင်းဆုံး ကစားနိုင်ဖို့ပဲ ကြိုးစားရမှာပါ”ဟုလည်း မစ်ဂ်နိုလတ်က ပြောကြားသွားသည်။

Credit – soccer myanmar



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment