Monday, February 15, 2016

လက်ဆက်စတာကို ထိုက်ထိုက်တန်တန် အနိုင်ရခဲ့ခြင်းဟု ဝင်းဂါးကြွေးကြော်

မိမိတို့ အသင်းသည် လက်ဆက်စတာစီးတီးကို ထိုက်ထိုက်တန်တန် အနိုင်ရခဲ့ခြင်းဟု အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးက ကြွေးကြော်ခဲ့သည်။

အမ်းမရိတ်စ်တွင် တစ်ယောက်လျော့ လက်ဆက်စတာကို (၂-၁)ဖြင့် အနိုင်ကစားပြီးနောက် အာဆင်နယ်သည် အမှတ်ပေးဇယားထိပ်မှ လက်ဆက်စတာနှင့် အမှတ်ကွာဟမှုကို (၂)မှတ်ထိ လျှော့ချနိုင်ခဲ့သည်။ ပြင်သစ်သား မန်နေဂျာကြီးက ယခုပွဲ ရလဒ်သည် အာဆင်နယ်၏ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရေး ယုံကြည်ချက်များကို ပိုမို အားကောင်း ခိုင်မာလာစေကြောင်း ဆိုသည်။ သို့သော်လည်း ယခုပွဲတွင် ပထမပိုင်း အပြီး၌ ဦးဆောင်ဂိုး ပေးထားရပြီး နောက်မှလိုက် ကစားရသည့် အခြေအနေကြောင့် အသင်းသားများ စိုးရိမ် တုန်လှုပ်ခဲ့ကြောင်းမူ ဝင်းဂါးက ဝန်ခံခဲ့သည်။

လက်ဆက်စတာအတွက် ဂျေမီဗာဒီက ပင်နယ်တီမှတစ်ဆင့် ဦးဆောင်ဂိုး သွင်းခဲ့သော်လည်း သီအိုဝဲလ်ကော့နှင့် ကာလရှည်ကြာ အနားယူနေရာမှ ယခုပွဲ ပြန်လည် ပါဝင်လာသည့် ဒန်နီဝဲလ်ဘက်တို့က အာဆင်နယ်အတွက် ဂိုးများ သွင်းယူကာ အနိုင်ရခဲ့ခြင်း ဖြစ်သည်။ ဝင်းဂါးက “ဒီပွဲမျိုးဟာ ကျွန်တော်တို့အတွက် တကယ့်ကို ကောင်းမွန်တဲ့ စိတ်ဓာတ်ရေးရာ စမ်းသပ်ချက် တစ်ခုပဲ။ ကိုယ်က ပထမပိုင်း အပြီးမှာ အရေးနိမ့်နေတယ်။ ပြိုင်ဘက်ကလည်း ခံစစ်ကစားပုံ သိပ်ကောင်းနေတယ်။ ဒီအခြေအနေမှာ အကောင်းဆုံး ရှေ့ဆက်ဖို့ပဲ ခေါင်းထဲ ထည့်ထားရမှာလေ။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ မနားမနေ စွမ်းရည်အပြည့်နဲ့ အားထုတ်ခဲ့တယ်။ ဒီပွဲမှာ သရေကျခဲ့ရင်တောင် မလုံလောက်ဘူးဆိုတာ ကျွန်တော်တို့ သိတယ်။ အဆုံးမှာတော့ အားထည့် ကြိုးစားခဲ့သမျှ လက်တွေ့ အလုပ်ဖြစ်လာပါတယ်။ ကျွန်တော့် အသင်းဟာ ဒီပွဲ အနိုင်ရဖို့ အစွမ်းကုန် ကစားပေးခဲ့ပါတယ်”ဟု ချီးကျူးခဲ့သည်။

အကယ်၍ အာဆင်နယ်သာ လက်ဆက်စတာကို အရေးနိမ့်ခဲ့ပါက ဇယားထိပ်နှင့် (၈)မှတ်ထိ ကွာဟသွားမည် ဖြစ်သည်။ ဝင်းဂါးက “ဒီပွဲ ရှုံးခဲ့မယ်ဆိုရင် သက်ရောက်မှု သိပ်ကြီးသွားမှာ။ အကျိုးဆက်တွေလည်း ဆက်တိုက် ကြုံလာနိုင်တယ်။ ကျွန်တော်တို့ ယုံကြည်ချက် ကျဆင်းသွားနိုင်တယ်။ အဲဒီအခါ လုပ်သမျှ ခက်ခဲလာမယ်။ ကျွန်တော်တို့က အလျှော့ပေးမှာတော့ မဟုတ်ပါဘူး။ (၃)ပွဲလောက် ရလဒ်တွေအပေါ် အခြေခံပြီး (၈)မှတ် ကွာဟမှုက ပြန်လာနိုင်မှာပါ။ ဒါပေမဲ့ အဲဒီအခါ ကျွန်တော်တို့က (၃)ပွဲနိုင်ပြီး သူတို့က (၃)ပွဲ ရှုံးပေးရမှာလေ။ အခုတော့ ကျွန်တော်တို့ အနိုင်ရခဲ့တယ်။ နှစ်ပွဲဆက်တိုက် အနိုင်ရခဲ့တယ်။ သင်္ချာနည်းအရ ကျွန်တော်တို့ ရှေ့ဆက် တိုက်ပွဲဝင်နေဖို့ လိုပါသေးတယ်”ဟုလည်း ဆိုသည်။

၎င်းက ဒူးဒဏ်ရာမှ သက်သာလာပြီးနောက် အသင်းအတွက် ဂိုးပြန်သွင်းခဲ့သည့် အင်္ဂလန် တိုက်စစ်မှူး ဝဲလ်ဘက်ကိုလည်း ဂုဏ်ပြုစကား ပြောကြားခဲ့သည်။ “သောကြာနေ့ သတင်းစာ ရှင်းလင်းပွဲမှာတုန်းက ကျွန်တော် ပြောခဲ့တယ်။ ဝဲလ်ဘက်ကို နောက်တစ်ပတ်လောက်မှ ပေးကစားမယ် ဆိုတာကိုပါ။ ဒါပေမဲ့ နောက်ဆုံး လေ့ကျင့်ရေး အစီအစဉ် နှစ်ခုမှာ သူက တကယ့်ကို သန်သန်မာမာ ခြေစွမ်းပြခဲ့တယ်။ ဒါကြောင့် သူ့ကို အသင်းလူစာရင်းမှာ ထည့်ခေါ်လာဖို့ ကျွန်တော် ပြောင်းပြီး ဆုံးဖြတ်လိုက်တာပါ။ လူတိုင်းက သူ့အတွက် ပျော်နေကြတယ်။ သူက ဘောလုံးနဲ့ ကင်းကွာနေတာ (၁၀)လလောက် ရှိပြီလေ။ ဒါဟာ ကစားသမား တစ်ယောက်အတွက်တော့ ကြာလွန်းတဲ့ ကာလပါ။ ကျွန်တော်တို့ အရမ်း ကြိုးစားခဲ့တယ်။ အထူးသဖြင့် ဆေးအဖွဲ့နဲ့ ကြံ့ခိုင်ရေး အဖွဲ့တွေပေါ့။ အခုတော့ သူ့ကို သန်သန်မာမာ အနေအထားနဲ့ ပြန်လာနိုင်ဖို့ ကူညီပေးခဲ့ပြီ။ သူဟာ ကျွန်တော်တို့အတွက် ဒီရာသီ အရင်တုန်းက တစ်မိနစ်တောင် မကစားပေးခဲ့ဖူးတာ မမေ့ပါနဲ့။ သူက အသက်(၂၁)နှစ်အောက် အသင်းနဲ့ပွဲမှာပဲ (၄၅)မိနစ်လောက် ကစားထားတာ။ ဝဲလ်ဘက်က အရမ်းကို ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်ခဲ့သူပါ။ ဒါကြောင့်လည်း သူပြန်ပြီး ကြံ့ခိုင်လာတာပေါ့”ဟု ဝင်းဂါးက မှတ်ချက်ပြုသွားသည်။

Credit - Soccer Myanmar



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment