ဘာစီလိုနာနှင့်ပွဲတွင် အာဆင်နယ်၏ ကစားပုံမှာ ထိုင်းမှိုင်း နုံအလွန်းကြောင်း အသင်းမန်နေဂျာ အာစင်ဝင်းဂါးက အပြင်းအထန် ဝေဖန်လိုက်သည်။
အာဆင်နယ်သည် ချန်ပီယံလိဂ် ရှုံးထွက်အဆင့်တွင် (၂)ရာသီဆက်တိုက် (၂-၀) ရလဒ်ဖြင့် အရေးနိမ့်သည့် မှတ်တမ်းဆိုးကို ရရှိလာခဲ့သည်။ ဥရောပ ချန်ပီယံ ဘာစီလိုနာသည် ဒုတိယပိုင်းတွင် လီယွန်နယ်မက်ဆီ၏ သွင်းဂိုးများဖြင့် အာဆင်နယ်ကို အနိုင်ယူကာ ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းရန် အလွန်အားကောင်းသည့် အနေအထား တစ်ခုကို ဖန်တီးသွားနိုင်ခဲ့သည်။ ဝင်းဂါးက မိမိ၏ အသင်းသည် အတိတ်က အမှားများကို သင်ခန်းစာ ယူရကောင်းမှန်း မသိလောက်အောင် နုံအစွာ ကစားခဲ့ကြောင်း ဆိုသည်။
“ကျွန်တော်တို့ တကယ်ပဲ နုံအခဲ့တယ်။ မနှစ်က မိုနာကိုနဲ့ တွေ့တုန်းကလည်း ဒီလိုပဲ။ ကျွန်တော်တို့ အိမ်ကွင်းမှာ နိုင်ခဲ့သင့်ပေမယ့် ဒီအခြေအနေကို လက်လွှတ် ဆုံးရှုံးလိုက်ရတယ်။ အခုပွဲမှာ ပေးလိုက်ရတဲ့ ဒုတိယဂိုးဆို လက်ခံဖို့ ခက်လွန်းတယ်။ နှစ်ဂိုး ပြတ်သွားပြီဆိုရင် ပြန်လာနိုင်ဖို့ကလည်း အရမ်း ခက်သွားတယ်လေ။ တကယ်တမ်းကျတော့ နောက်ဆုံး မိနစ်(၂၀)လောက် အတွင်းမှာ ကျွန်တော်တို့ ဂိုးသွင်းနိုင်လောက်တဲ့ အခြေအနေတွေ ရှိခဲ့တယ်။ အခွင့်အရေးတွေ ရခဲ့ပေမယ့် ဂိုးတော့ မရခဲ့ဘူး”ဟု ဝင်းဂါးက ညည်းညူခဲ့သည်။
၎င်းက “ဘာစီလိုနာ တိုက်စစ်က သေလောက်တယ်။ ကိုယ်က သူတို့ကို တန်ပြန်တိုက်စစ် ဆင်ခွင့်မပေးဖို့ အရမ်း အရေးကြီးတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဘာစီလိုနာရဲ့ တန်ပြန်တိုက်စစ်က အရမ်း အန္တရာယ် များတယ်လေ။ ဒါပေမဲ့ ကျွန်တော်တို့ တိတိကျကျကြီး အဲဒီအမှားကို လုပ်ခဲ့တယ်။ တစ်ဖက် ဧရိယာထဲ အရမ်းကျွံဝင်သွားပြီး နောက်ပြန်ဆင်းချိန်မှာ ဟာကွက်တွေ ရှိခဲ့တယ်။ တစ်ဖက်မှာတော့ ဘာစီလိုနာရဲ့ အရည်အသွေး ကောင်းမွန်မှုနဲ့လည်း ဆိုင်ပါလိမ့်မယ်။ အပြစ်တင်ရတာတော့ အင်မတန် လွယ်ပါတယ်။ ဒါပေမဲ့ ကစားသမားတွေရဲ့ အားထုတ်မှုကိုတော့ လေးစားသင့်တယ် ထင်ပါတယ်။ သူတို့ ပင်ပင်ပန်းပန်း ကြိုးစားခဲ့ပေမယ့် ရလဒ်က စိတ်ပျက်စရာ ဖြစ်ခဲ့တယ်။ ကျွန်တော် သိထားတာကတော့ နောက်ဆုံး မိနစ်(၂၀) အတွင်းမှာ ကျွန်တော်တို့ အမှားတွေ မလုပ်ခဲ့မိရင် ဒီပွဲကို အနိုင်ရဖို့ ဖြစ်နိုင်ခြေ ရှိတယ် ဆိုတာပဲ။ အခုတော့ စိတ်ပျက်စရာ ညတစ်ည ဖြစ်သွားပါပြီ”ဟုလည်း ပြောကြားသွားသည်။
Credit – soccer myanmar
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment