Wednesday, February 24, 2016

ဘာစီလိုနာအသင်း ကွာတားဖိုင်နယ်သို့တက်ရန် ၉၅ ရာခိုင်နှုန်းသေချာသွားပြီဟု အာစင်ဝင်းဂါး ပြော

အမ်းမရိတ်ကွင်းတွင် ကစားခဲ့သည့် ပွဲစဉ်တွင် ဘာစီလိုနာအသင်းကို ၀-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရပြီးနောက် အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးက ဘာစီလိုနာအသင်းမှာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်သို့ တက်ရောက်ရန် ၉၅ ရာခိုင်နှုန်း သေချာသွားပြီဟု ပြောဆိုခဲ့သည်။

ချန်ပီယံလိဂ်ရှုံးထွက်အဆင့် ပထမကျော့ပွဲစဉ်တွင် ဘာစီလိုနာအသင်းအား အိမ်ကွင်းတွင် ရှုံးနိမ့်ခဲ့ရသည့်အတွက် အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ၎င်းအသင်းသားများ၏ အဆုံးသတ်ပိုင်းညံ့ဖျင်းမှုနှင့် ပုံမှန်ခြေစွမ်းရရှိအောင် မကစားနိုင်ခဲ့ခြင်းတို့ကို ပြစ်တင် ပြောဆိုသွားခဲ့သည်။

ကွင်းလယ်ကစားသမား ချိန်ဘာလိန်နှင့် တိုက်စစ်မှူး ဂီရော့ဒ်တို့မှာ ဘာစီလိုနာအသင်း အဖွင့်ဂိုးမသွင်းမီ အပိုင်အခွင့်အရေးများ ရရှိခဲ့ကြသည်။

'ရရှိခဲ့တဲ့ အခွင့်အရေးတွေကို ကောင်းကောင်း အဆုံးမသတ်နိုင်ခဲ့တာက ကျွန်တော်တို့ရဲ့ ပြဿနာပါပဲ။ အခုဆိုရင် ဘာစီလိုနာက ကွာတာဖိုင်နယ်ကိုတက်ရောက်ဖို့ ၉၅ ရာခိုင်နှုန်းလောက် သေချာသွားပါပြီ။

ဒါပေမဲ့ နူးကမ့်ကွင်းကိုသွားပြီး အကောင်းဆုံးကစားဦးမှာပါ။ အခွင့်အရေးလုံးဝမရှိတဲ့ ပုံစံမျိုးနဲ့ နူးကမ့်ကွင်းကို သွားမှာတော့ မဟုတ်ပါဘူး' ဟု အာစင်ဝင်းဂါးက ပြောဆိုခဲ့သည်။

ထို့အပြင် အာစင်ဝင်းဂါးက ၎င်း၏ အသင်းသည် နည်းစနစ်ကျကျ မကစားနိုင်ခဲ့ကြောင်း ဝေဖန်ခဲ့သည်။ 'ကျွန်တော့်အသင်းသားတွေဟာ စိတ်ရှည်လက်ရှည်နဲ့ မကစားနိုင်ခဲ့ပါဘူး။ ဘောလုံးတွေအမြဲ ဆုံးရှုံးခြင်း မရှိပေမယ့် အများအပြား ဆုံးရှုံးခဲ့ရပါတယ်။ ဘာစီလိုနာက ဖိအားပေးလို့ဆိုတာထက် ကျွန်တော့်အသင်းသားတွေကိုက နည်းစနစ်ကျကျနဲ့ အပေးအယူမကစားနိုင်ခဲ့ပါဘူး။

ချန်ပီယံလိဂ်လိုပြိုင်ပွဲမှာ အိမ်ကွင်းကစားပြီး ၂-၀ နဲ့ရှုံးခဲ့တယ်ဆိုရင် အ၀တ်လဲခန်းက ပျော်စရာမကောင်းတော့ပါဘူး' ဟု အာစင်ဝင်းဂါးက ပြောဆိုခဲ့သည်။

Credit – hyper sport




အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment