ချယ်လ်ဆီး မန်နေဂျာ ဂတ်စ်ဟစ်ဒင့်ခ်က အသင်း၏ တောင်ပံတိုက်စစ်သမား အီဒင်ဟာဇက် အနေဖြင့် ဝေဖန်မှုများ အောက်မှ ရုန်းထွက်ပြီး တစ်ကျော့ပြန် ခြေစွမ်းပြရန် အချိန်အခါ သင့်နေပြီဟု တိုက်တွန်း ပြောကြားလိုက်သည်။
ပြီးခဲ့သည့် ရာသီက ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးခဲ့သည့် ဟာဇက်သည် ယခုရာသီတွင်မူ အကြီးအကျယ် ရုန်းကန်နေရသည်။ ချယ်လ်ဆီးသည် ချန်ပီယံလိဂ် (၁၆)သင်း ရှုံးထွက်အဆင့် ပထမအကျော့တွင် PSGကို (၂-၁)ဖြင့် အရေးနိမ့်ထားရာ စတမ်းဖို့ဒ်ဘရစ်ဂ်ျတွင် ပြန်လည် လက်စားချေချိန် ဟာဇက်၏ အကောင်းဆုံး တုံ့ပြန် ပေါက်ကွဲမှုကို ဟစ်ဒင့်ခ်က မျှော်လင့်လျက် ရှိသည်။ ပထမအကျော့ ပက်ဒက်စ်ပရင့်စ်တွင် ကစားစဉ်ကမူ ဟာဇက်သည် ဟစ်ဒင့်ခ်၏ လူစားလဲထုတ်ခြင်း ခံခဲ့ရသည်။
ဟစ်ဒင့်ခ်က “အဲဒီတုန်းက ပဲရစ်မှာ ကစားချိန်မှာ ဟာဇက်က ဒဏ်ရာရထားရာကနေ ပြန်ကောင်းကာစပဲ ရှိသေးတယ်။ အဲဒီအခြေအနေမှာ ပွဲအတွက် လုံလောက်တဲ့ ကြံ့ခိုင်မှုမျိုး သူ့ဆီက တောင်းဆိုဖို့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ သူဟာ ဟာဇက်စစ်စစ်ရဲ့ ပုံရိပ်မျိုး နှစ်ကြိမ်၊ သုံးကြိမ်လောက် ပြသခဲ့တယ်။ သူ့အနေနဲ့ လိဂ်ပွဲတချို့မှာ ဝင်ကစားပြီးနောက် ပွဲအတွက် လိုအပ်တဲ့ ကြံ့ခိုင်မှုမျိုး ပြန်ရလာပါပြီ။ ဟာဇက်အနေနဲ့ သူဘာလုပ်နိုင်တယ် ဆိုတာကို ပြနိုင်တယ်၊ ပြလည်း ပြရတော့မယ်။ အထူးသဖြင့် အဝေးကွင်းမှာထက် အိမ်ကွင်းမှာ ပိုပြီး အစွမ်းပြဖို့ လိုပါပြီ”ဟု ပြောကြားခဲ့သည်။
ချယ်လ်ဆီးသည် ပထမအကျော့တွင် ဂျွန်အိုဘီ မီခေးလ်၏ သွင်းဂိုးကြောင့် အဝေးဂိုး စည်းမျဉ်းအရ ယခုပွဲတွင် PSGကို (၁-၀)ဖြင့် အနိုင်ရရုံဖြင့် ကွာတားဖိုင်နယ် တက်ရောက်နိုင်မယ် ဖြစ်သည်။
Ref: Goal
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment