ရာထူးမှ နုတ်ထွက်ရန် ပရိသတ်များ၏ တောင်းဆိုမှုကို မိမိ ဂရုမစိုက်ကြောင်း အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးက ပြောကြားခဲ့သည်။
အာဆင်နယ်သည် FAဖလား ပြန်ကန်ပွဲစဉ်တွင် ဟားလ်စီးတီးကို (၄-၀)ဖြင့် အဝေးကွင်း၌ ပြတ်ပြတ်သားသား အနိုင်ရခဲ့သော်လည်း ဝင်းဂါးအတွက် ဒဏ်ရာပြဿနာသစ်များ ကြုံလာသည်။ ထိုပွဲတွင် ပါးမာတီဆက်ကာ၊ ဂါဘရီရယ်လ် ပေါ်လစ္စတာနှင့် အာရွန်ရမ်ဆေးတို့အားလုံး ဒဏ်ရာများဖြင့် လူစားလဲ ထွက်ခွာခဲ့ရသည်။ အထူးသဖြင့် ကွင်းလယ်လူ ရမ်ဆေး၏ ပေါင်ကြွက်သားဒဏ်ရာသည် ပြင်းထန်မည့် အလားအလာ ရှိနေပြီး တနင်္ဂနွေနေ့တွင် ဝတ်ဖို့ဒ်နှင့် ကစားမည့် FAဖလား ပွဲစဉ်ကို သေချာပေါက် လွဲချော်ဖွယ် ရှိနေသည်။
အာဆင်နယ်၏ ရလဒ်များ ဆက်တိုက် ဆိုးရွားမှုအပေါ် စိတ်ပျက်နေသည့် ပရိသတ်များက ယခုပွဲစဉ်တွင် ဝင်းဂါးကို ရည်ရွယ်ကာ “အမှတ်ရစရာတွေအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ နှုတ်ဆက်စကားပြောဖို့ အချိန်ရောက်နေပြီ”ဆိုသော စာတမ်းကြီးကို ယူဆောင်လာခဲ့ကြသည်။ အာဆင်နယ် မန်နေဂျာအဖြစ် နှစ်ပေါင်း (၂၀)မျှ ကြာမြင့်ခဲ့သည့် ဝင်းဂါး၏ခေတ်ကို အဆုံးသတ်ရန် ပရိသတ်များ၏ တောင်းဆိုမှု မြင့်မားလာခြင်းနှင့် ပတ်သက်၍ ပြင်သစ်သား မန်နေဂျာကြီးက “ဒီအတွက်တော့ ဘာမှ စိတ်အနှောင့်အယှက် မဖြစ်ပါဘူး။ ကျွန်တော့်အလုပ် ကျွန်တော် လုပ်ပါတယ်။ ကလပ်ရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ပါ။ ဟိုးအစကနေပေါ့။ ကျွန်တော်က ဒီအခြေအနေအပေါ် ဘာမှ သွေးပျက်နေစရာ မရှိဘူး”ဟု ဆိုသည်။
၎င်းက “ကျွန်တော် ဂရုမစိုက်ဘူး။ ဒီကိစ္စအကြောင်းလည်း မပြောချင်ဘူး။ ဒါတွေက အမြဲတမ်း ပုံစံတူ ဇာတ်လမ်းတွေ။ အခုလောက်ဆို တော်သင့်ပြီ။ ခင်ဗျားတို့ သတင်းထောက်တွေမှာ မေးစရာတွေရှိရင် တခြားသူတွေကို သွားမေးပါ။ ကျွန်တော့်ထက်ပိုပြီး FAဖလား ရဖူးတဲ့သူ တစ်ယောက်ယောက်များ မြင်ဖူးသလား။ ဘောလုံးရာသီက မပြီးသေးဘူး။ ဒါပေမဲ့ လူတွေ အများကြီးက စောစောစီးစီး စိတ်ထင်ရာ ခန့်မှန်းနေတာကို အံ့ဩမိတယ်။ ကျွန်တော်တို့ ဘယ်အရာအတွက်မှ လက်မလျှော့သေးဘူး။ လာမယ့် သီတင်းပတ်တွေမှာ အခြေအနေကို ခင်ဗျားတို့ ကြည့်ဦး။ ပြောရရင် အသင်းဟာ လက်ရှိထက် ပိုဆိုးတဲ့ အနေအထားတွေထိ ရောက်ခဲ့ဖူးပါတယ်”ဟုလည်း ပြောကြားသွားသည်။
Credit – soccer myanmar
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment