Friday, March 4, 2016

ချန်ပီယံလမ်းကြောင်းပေါ်က ရတနာပုံကို မကွေးအသင်းကော ရပ်တန့်နိုင်မှာလား

Ooredoo MNL 2016 (weeek 9)

၎-၃-၂၀၁၆   ချင်းယူနိုက်တက်  –  ရခိုင်ယူနိုက်တက်  (ညနေ ၄း၀၀) သုဝဏ္ဏ  (For Sports)

ဒီနှစ်သင်းရဲ့ လက်ရှိရပ်တည်မှုအနေအထားကို ကြည့်ရင် ချင်းယူနိုက်တက်က အဆင့် ၈ ၊ ရခိုင်ယူနိုက်တက်အသင်းက အဆင့် ၁၀ မှာ ရပ်တည်နေကြပြီး ရမှတ်ကလည်း တစ်မှတ်ပဲ ကွာပါတယ်။ ချင်းယူနိုက်တက်အသင်းက ပြီးခဲ့တစ်ပတ်မှာ Horizon အသင်းကို အနိုင် ကစားနိုင်ခဲ့သလို ရခိုင်ယူနိုက်တက်အသင်းကလဲ ဧရာဝတီယူနိုက်တက်အသင်းဆီက တစ်မှတ်ခွဲယူနိုင်ခဲ့တဲ့ အသင်းပါ။ ဒါကြောင့် ဒီပွဲစဉ်မှာ နှစ်သင်းစလုံးက အမှတ်ပြည့်ရဖို့ ကြိုးစားကြမှာဖြစ်လို့ ဒီပွဲကပရိသတ်တွေအတွက် ကြည့်လို့ ကောင်းမယ့်ပွဲတစ်ပါ။

၎-၃-၂၀၁၆   ဇွဲကပင်  –  ဟံသာဝတီ   (ညနေ ၄း၀၀) အောင်ဆန်း

ဒီနှစ် Ooredoo MNL 2016 အမှတ်ပေးဘောလုံးပြိုင်ပွဲမှာ ခြေစွာနေတဲ့ အသင်းနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုပါပဲ။ နှစ်သင်းစလုံးက လက်ရှိအနေအထားအရ အသင်းကြီးတွေလို့ ပြောနိုင်ပြီး ဘောလုံးဆုံးရှုံးသွားရင် ဘောလုံးပြန်ရအောင် စိတ်ဓာတ်ကောင်းကောင်းနဲ့ လိုက်ကစားတတ်တဲ့ အသင်းတွေဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ အမှတ်ပေးဘောလုံးပြိုင်ပွဲက ဇွဲကပင်အသင်းနဲ့ ဟံသာဝတီအသင်း တို့ တွေ့ဆုံခဲ့တဲ့ ရလဒ်တွေကိုကြည့်မယ်ဆိုရင် ပထမအကျော့မှာ ဇွဲကပင်အသင်းက ၂-၁ ဂိုးနဲ့ နိုင်ထားပြီး ဒုတိယအကျော့မှာတော့ ဂိုးမရှိ သရေကျထားပါတယ်။ ဒီတစ်ကြိမ်မှာလဲ ဒီနှစ်သင်း သရေ တစ်မှတ်ခွဲယူကြမှာလား..ဒါမှမဟုတ် ဘယ်အသင်းက အမှတ်ပြည့် ယူသွား မလဲဆိုတာ မတ်လ ၄ ရက် ၊ အောင်ဆန်းကွင်းမှာ ကြည့်ရှုရတော့မှာပါ။

၎-၃-၂၀၁၆  ရှမ်းယူနိုက်တက်  –  Horizon  (ညနေ ၃း၃၀)  တောင်ကြီး

ရှစ်ပွဲ ကစားပြီးချိန်မှာ တစ်ပွဲ နိုင်၊ လေးပွဲ သရေ၊ သုံးပွဲ ရှုံးထားတဲ့ ရှမ်းယူနိုက်တက်အသင်းရဲ့ အနေအထားက အခုချိန်ထိ အားရစရာ အနေအထားမှာ မရှိသေးပါဘူး။ နောက်ပြီး ကစားပြီးခဲ့တဲ့ အိမ်ကွင်းပွဲစဉ်တွေမှာလည်း နိုင်ပွဲ လုံးဝ မရရှိသေးပါဘူး။ ရှမ်းယူနိုက်တက် အသင်းနဲ့ ကစားမယ့် Horzion အသင်းက တန်းတက်အသင်းဆိုပေမယ့် တွေ့တဲ့ အသင်းတိုင်းကို တိုက်စစ်ဖွင့်ကစားတတ်ပြီး လုံးဝ လျော့တွက်လို့ မရတဲ့ အသင်းမျိုးပါ။ အဆင့် ၉ နေရာက အိမ်ရှင် ရှမ်းယူနိုက်တက်အသင်းအနေနဲ့ Horizon နဲ့ပွဲက သူတို့အတွက် ပထမဆုံး အိမ်ကွင်း နိုင်ပွဲ ဖြစ်မှာလား…၊ အဆင့် ၁၁ နေရာက Horizon အသင်းကရော အိမ်ရှင်ဆီက အမှတ်ယူနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

၅-၃-၂၀၁၆ ရတနာပုံ  –  မကွေး  (ညနေ ၄း၀၀)  ဗထူး  Live (MRTV)

လက်ရှိအချိန်မှာ ရတနာပုံအသင်းရဲ့ ခြေစွမ်းက အိမ်ကွင်းရော အဝေးကွင်းမှာပါ ပုံစံကောင်းတစ်ခုရနေပြီး ရလဒ်ပိုင်းကလဲ အတည်ငြိမ် ဆုံး စွမ်းဆောင်ထားနိုင်တဲ့ အသင်းပါ။ လက်ရှိချန်ပီယံ ရန်ကုန်အသင်းကို ပွဲဦးထွက်မှာ အနိုင်ကစားထားတဲ့ မကွေးအသင်းရဲ့ ခြေစွမ်းက အစောပိုင်းမှာ ယိမ်းယိုင်သွားပေမယ့် ဇွဲကပင်အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ကစားပြီးတဲ့ပွဲမှာတော့ ခြေစွမ်းပြန်တက်လာတဲ့ ပုံစံမျိုးတော့ ရှိပါတယ်။ ဒီနှစ်သင်းရဲ့ နောက်ဆုံး သုံးကြိမ် တွေ့ဆုံမှုကို ကြည့်ရင် သုံးကြိမ်စလုံး အနိုင်၊ အရှုံးမပေါ်ဘဲ သရေကျခဲ့ပါတယ်။ နောက်ပြီး မကွေးအသင်းက ရတနာပုံအသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ ဗထူးကွင်းမှာ အိမ်ရှင်ဆီက သုံးမှတ်အပြည့် ယူခဲ့ဖူးတဲ့ အစဉ်အလာတွေလဲ ရှိခဲ့ဖူးပါတယ်။ ဒီတစ်ပတ်ပွဲစဉ်တွေထဲမှာ ဒီပွဲစဉ်က အကြိတ်အနယ် အရှိဆုံးဖြစ်မယ့် ပွဲစဉ်တစ်ပွဲဖြစ်သလို ပရိသတ်တွေ အတွက် ရင်ခုန် စိတ်လှုပ်ရှားဖွယ်ရာမျိုးတွေ ပေးစွမ်းနိုင်မယ့် ပွဲကောင်းတစ်ပွဲပါ။

Credit – themnl



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment