Wednesday, March 9, 2016

အသင်းဟောင်းကို ကူညီရန်အတွက် တစ်ကျော့ပြန် ဂိုးဖမ်းမည့် ဗန်ဒါဆား

ငယ်ဘဝ အသင်းဟောင်းကို အကူအညီ ပေးရန်အတွက် အက်ဒွင် ဗန်ဒါဆား အနေဖြင့် ၎င်း၏ သိမ်းဆည်းထားသည့် လက်အိတ်များကို ပြန်လည် ဝတ်ဆင်မည်ဟု သိရသည်။

လူငယ်ဘဝက ကစားခဲ့သည့် အပျော်တမ်းကလပ် နော့ဒ်ဝစ်ဂ်ျခ်တွင် ဂိုးသမား အခက်အခဲ ကြုံနေသည့်နောက် ဘောလုံးလောကမှ အနားယူထားပြီးဖြစ်သည့် အသက် (၄၅)နှစ်အရွယ် နယ်သာလန် လက်ရွေးစင်ဟောင်းက တစ်ကျော့ပြန် ဂိုးဖမ်းပေးမည် ဖြစ်သည်။ မန်ချက်စတာ ယူနိုက်တက် ဂန္ထဝင် ဂိုးသမားဟောင်းသည် (၂၀၁၁)ခုနှစ်၊ ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ဘာစီလိုနာကို ယူနိုက်တက်က (၃-၁)ဖြင့် အရေးနိမ့်ပြီးနောက် ဘောလုံးလောကမှ အပြီးတိုင် အနားယူထားသူ ဖြစ်သည်။

နော့ဒ်ဝစ်ဂ်ျခ်တွင် ပုံမှန် ဂိုးသမား မူစတာဖာ မာရေဇိုင်းမှာ ဒဏ်ရာ ရနေသောကြောင့် အသင်းက နယ်သာလန် ဘောလုံး အဖွဲ့ချုပ်ထံသို့ ဗန်ဒါဆားကို တစ်ပွဲစာ ပါဝင်ကစားခွင့်ပေးရန် စာတင် လျှောက်ထားခဲ့သည်။ ယခုအခါ ယင်းအတွက် ခွင့်ပြုမိန့် ကျလာသဖြင့် ဂျိုဒန်ဘွိုင်းစ် အသင်းနှင့် ပွဲစဉ်တွင် ဗန်ဒါဆား ပါဝင် ကစားမည် ဖြစ်သည်။ “ဗန်ဒါဆားက အသင်းနဲ့ ပတ်သက်ရင် အမြဲတမ်း နွေးနွေးထွေးထွေး ဆက်ဆံတတ်သူ တစ်ယောက်ပါ။ ဒီကိုလည်း ပုံမှန် လာလည်လေ့ ရှိတယ်လေ”ဟု နော့ဒ်ဝစ်ဂ်ျခ် နည်းစနစ် ဒါရိုက်တာ ပီတာဗင့်ခ်က ဆိုသည်။

“ကျွန်တော်တို့ရဲ့ အကျပ်အတည်းနဲ့ ပတ်သက်လို့ ညှိနှိုင်းပြီးတဲ့နောက် ဂျိုဒန်ဘွိုင်းစ်နဲ့ပွဲမှာ သူက ဝင်ကစားပေးဖို့ သဘောတူခဲ့တယ်။ ဒါက တစ်ပွဲစာပဲ ဖြစ်မယ်လို့တော့ ကျွန်တော်တို့ နားလည်ထားပါတယ်။ ဗန်ဒါဆားက ကျွန်တော်တို့ကို လိုလိုလားလား ကူညီချင်တာ သိရတဲ့ အတွက်လည်း အရမ်း ပျော်မိပါတယ်”ဟုလည်း ၎င်းက ပြောကြားခဲ့သည်။ ဗန်ဒါဆားသည် နယ်သာလန် လက်ရွေးစင် အသင်းအတွက် စံချိန်တင် ပွဲပေါင်း (၁၃၀) ကစားထားသူဖြစ်ပြီး အေဂျက်စ်အမ်စတာဒမ်၊ ဂျူဗင်းတပ်စ်၊ ဖူလ်ဟမ်၊ ယူနိုက်တို့နှင့် ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို ဖြတ်သန်းခဲ့ပြီး အေဂျက်စ်နှင့် ယူနိုက်တက်တို့တွင် အောင်မြင်မှုများစွာ ဆွတ်ခူး ရရှိခဲ့သည်။

Ref: Goal



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment