Thursday, March 17, 2016

ချန်ပီယံလိဂ်တွင်အင်္ဂလန်ကလပ်များကျရှုံးမှုကြောင့်ပရီးမီးယားလိဂ်တွင်ကမ္ဘာ့အဆင့်ကစားသမားများအားမထိန်းသိမ်းနိုင်ခဲ့ဟု ဖာဒီနန်ဆို

မန်ယူအသင်း၏ အင်္ဂလန်လက်ရွေးစင်နောက်ခံလူဟောင်း ရီယိုဖာဒီနန်က အင်္ဂလန်ကလပ်များ၏ ချန်ပီယံလိဂ်ပြိုင်ပွဲတွင်ကျရှုံးမှုများကြောင့် ပရီးမီးယားလိဂ်အနေဖြင့် ကမ္ဘာ့အကောင်းဆုံးကစားသမားများကို ထိန်းသိမ်းနိုင်ရန်ခက်ခဲနေခြင်းဖြစ်သည်ဟု သုံးသပ်ပြောကြားခဲ့သည်။
ပရီးမီးယားလိဂ်အနေဖြင့် ၂၀၀၅ ခုနှစ်မှစတင်ကာ ချန်ပီယံလိဂ်ပြိုင်ပွဲအား အရှိန်အဟုန်ဖြင့် အုပ်စိုးနိုင်ခဲ့သော်လည်း ၂၀၁၂ မှစတင်ကာပရီးမီးယားလိဂ်ကလပ်များအနေဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲတွင်ဆက်တိုက်ဆိုသလိုကျရှုံးလာခဲ့သည်။
အကျိုးဆက်အနေဖြင့် စီရော်နယ်လ်ဒိုမှစတင်ကာ ဘေးလ်၊ ဆွာရက်ဇ်စသည့် ကမ္ဘာ့အကောင်းဆုံးကစားသမားများကိုလက်လွှတ်ခဲ့ရသည်ဟု ဖာဒီနန်ကသုံးသပ်ခဲ့ခြင်းဖြစ်သည်။
အင်္ဂလန်ကလပ်များအနေဖြင့် ပြီးခဲ့သည့်ရာသီက အဆိုးဆုံးစံချိန်အဖြစ် နှစ်ပေါင်း(၂၀)အတွင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်တွင် ကွာတားဖိုင်နယ်သို့မတက်ရောက်နိုင်သည့်ပထမဆုံးရာသီကို ကြုံတွေ့ခဲ့ရပြီး ပရီးမီးယားလိဂ်၏ ဥရောပစွမ်းဆောင်ရည်ကျဆင်းမှုအားမီးမောင်းထိုးပြနိုင်ခဲ့သည်။ ထို့အပြင် လိဂ်အဆင့်သတ်မှတ်ချက်၌လည်း စပိန်လာလီဂါနှင့် ဂျာမန်ဘွန်ဒစ်လီဂါအောက် တတိယနေရာသို့ရောက်ရှိသွားကာ စတုတ္ထနေရာမှ အီတလီစီးရီးအေ၏ ခြိမ်းခြောက်မှုကိုလည်းခံနေရသည်။
ဖာဒီနန်က"ဒါဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းက အင်္ဂလန်ကလပ်တွေရဲ့ချန်ပီယံလိဂ်မှာ ကျရှုံးလာမှုရဲ့ရလဒ်ပါ။ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေဟာ ဒီမှာကြာရှည်စွာကစားဖို့ဆန္ဒမရှိတော့ပါဘူး။ ဒါဟာကလပ်အသင်းတွေရဲ့ ပြိုင်ပွဲကြီးတွေမှာ အောင်မြင်မှုနဲ့မူတည်ပါတယ်"BT Sport ၏မေးမြန်းချက်ကိုဖြေကြားခဲ့သည်။
ယခုနှစ်ရာသီတွင် အင်္ဂလန်ကလပ်များအနေဖြင့် ချန်ပီယံလိဂ်တွင် (၄)သင်း၊ ယူရိုပါလိဂ်တွင် (၄)သင်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း လက်ရှိအချိန်တွင် မန်စီးတီးအသင်းသာချန်ပီယံလိဂ်ကွာတားဖိုင်နယ်သို့တက်ရောက်ထားနိုင်ပြီး အာဆင်နယ်မှာမျှော်လင့်ချက်နည်းနေသလို၊ ယူရိုပါလိဂ်တွင်လည်း စပါး၊ မန်ယူ၊ လီဗာပူးလ် (၃)သင်းတွင် လီဗာပူးလ်အသင်းသာကွာတားဖိုင်နယ်တက်ရန်အခြေအနေကောင်းနေသည်။ထို့အပြင် လက်ရှိပရီးမီးယားလိဂ်၏ အကောင်းဆုံးကစားသမားများဖြစ်သော ဟာဇက်၊ အဂွဲရိုးတို့၏အနာဂတ်မှာလည်းပရီးမီးယားလိဂ်တွင်မသေချာတော့ ရီးယဲလ်မက်ဒရစ်၊ PSG စသည့်ကလပ်များ၏ ပစ်မှတ်ကစားသမားများဖြစ်နေသည်။

Credit – eleven sport





အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment