Friday, March 4, 2016

အိမ်ကွင်းတွင် အားမတန်၍ မာန်လျော့ ခဲ့ရသည့် ဇေယျာရွှေမြေ

ယနေ့ မတ်လ ၃ ရက် ညနေ ၃း၃၀ နာရီက မုံရွာမြို့ရှိ ဇေယျာရွှေမြေ အသင်း၏ အိမ်ကွင်း၌ ကျင်းပခဲ့သော မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်တွင် လူငယ် အများစု ပါဝင် ကစားခဲ့သည့် အိမ်ရှင် ဇေယျာရွှေမြေ အသင်းမှာ လက်ရွေးစင် ကစားသမား အများစု ပါဝင်သည့် လက်ရှိ ချန်ပီယံ ရန်ကုန် ယူနိုက်တက် အသင်းကို မည်သို့မျှ ယှဉ်ကစားနိုင်ခြင်း မရှိဘဲ အရှုံးပေးခဲ့ ရသည်။

ရန်ကုန် ယူနိုက်တက် အသင်းအနေဖြင့် AFC Cup ပွဲ ကစားရန် ရှိသော်လည်း ယခုပွဲတွင် ဂိုးသမား ဖာနန်ဒို မှလွဲ၍ လူကုန်ထုတ် ကစားခဲ့ကာ ဇေယျာရွှေမြေကို အနိုင်ယူခဲ့ခြင်း ဖြစ်သည်။ အထူးသဖြင့် အဓိက တိုက်စစ်မှူး ကျော်ကိုကို ခြေစွမ်းပြ နိုင်ခဲ့ပြီး တစ်ဂိုး ဖန်တီးကာ၊ တစ်ဂိုး သွင်းယူနိုင်ခဲ့သည်။ ဇေယျာရွှေမြေတွင် ဗစ်တာနှင့် နိုင်ဦးလွင်တို့ တိုက်စစ်ကို ဦးဆောင်လာခဲ့ သော်လည်း တွဲဖက်ညီစွာ ကစားနိုင်ခြင်း မရှိခဲ့ဘဲ အဓိက ကစားသမား တစ်ဦးဖြစ်သည့် ရန်နိုင်ဦး မှာလည်း တွဲကစားမည့်သူ မရှိသောကြောင့် အသင်းအပေါ် ထိထိရောက်ရောက် ပံ့ပို့နိုင်ခြင်း မရှိခဲ့ပေ။

ကျော်ကိုကို၏ ပထမပိုင်း

ပထမပိုင်း တစ်ပိုင်းလုံးကို စိုးမိုးနိုင်ခဲ့သူက ကျော်ကိုကိုပင် ဖြစ်သည်။ အဆိုပါ မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး အနေဖြင့် ယခုပွဲတွင် အထူးခြေစွမ်းပြ နိုင်ခဲ့ပြီး အသင်းဟောင်း ဇေယျာရွှေမြေ၏ ခံစစ်ကြောင်းကို ပထမပိုင်း တစ်ပိုင်းလုံး ဒုက္ခပေးနိုင်ခဲ့သည်။ ကျော်ကိုကို အနေဖြင့် ကစားဖော်များ ဖြစ်သည့် ကြည်လင်း၊ အက်ဒီလ်ဆင်၊ မာဆယ်လို တို့နှင့် အကောင်းမွန်ဆုံး တွဲဖက် ကစားနိုင်ခဲ့ပြီး ၎င်းကို ထိန်းချုပ်ရန် ဇေယျာရွှေမြေ ခံစစ်ကြောင်းက အထူးပင် အားထုတ် ခဲ့ရသည်။ အဖွင့်ဂိုးကို စောစောစီးစီး သွင်းနိုင်ခဲ့ခြင်း ကလည်း ရန်ကုန်ကို ပိုမို၍ အသာစီး ရစေခဲ့သည်။ ရန်ကုန် အနေဖြင့် အဖွင့်ဂိုးကို ပထမပိုင်း စစချင်း တစ်မိနစ် အတွင်းမှာပင် သွင်းယူနိုင်ခဲ့ခြင်း ဖြစ်ပြီး ကျော်ကိုကို၏ ထောင့်ကန်ဘောကို မာဆယ်လိုက ဧရိယာအတွင်း အနီးကပ် ခေါင်းတိုက် သွင်းယူခဲ့ခြင်း ဖြစ်သည်။ ပွဲချိန် ၃၃ မိနစ် အရောက်တွင်မူ ကျော်ကိုကိုက ဇေယျာရွှေမြေ ဂိုးဧရိယာ အပြင်ဘက်တွင် ရရှိသည့် ပြစ်ဒဏ်ဘောကို တိုက်ရိုက် ကန်သွင်းကာ ရန်ကုန် ယူနိုက်တက် အတွက် ဒုတိယဂိုး ရယူပေးခဲ့သည်။ ဇေယျာရွှေမြေ အနေဖြင့် ပထမပိုင်း ပွဲချိန်များအတွင်း ရန်ကုန်ဂိုးပေါက်ကို နှစ်ကြိမ် ကန်သွင်း နိုင်ခဲ့သော်လည်း ရန်ကုန် ဂိုးသမား ကာကွယ် နိုင်ခဲ့သဖြင့် ဂိုးမရ ခဲ့ပေ။

ပွဲဆူခဲ့သည့် ဒုတိယပိုင်း

ဒုတိယပိုင်း ပြန်စချိန်တွင် ဇေယျာရွှေမြေက ခြေစွမ်းပြနေသည့် ရန်နိုင်ဦးကို လူစားလဲခဲ့ သဖြင့် တိုက်စစ်ဆင်မှုများ ထိရောက်မှု နည်းပါးခဲ့သည်။ ဇေယျာရွှေမြေ အနေဖြင့် ဒုတိယပိုင်း ပွဲချိန် အတော်များများတွင် ဘောလုံးပိုင်ဆိုင်မှု အသာစီး ရခဲ့သော်လည်း ဂိုးပေါက် ခြိမ်းခြောက်နိုင်မှု နည်းပါးခဲ့သည်။ ဒုတိယပိုင်း၏ နောက်ပိုင်း မိနစ်များတွင် ပွဲက ပိုဆူလာခဲ့ပြီး ပရိသတ် အချို့၏ ကွင်းအတွင်း ရေဘူးများဖြင့် ပစ်ပေါက်မှုများ ရှိခဲ့သလို ကစားသမားများ အချင်းချင်းလည်း အချင်းများမှုများ အနည်းငယ် ဖြစ်ခဲ့သည်။ ပရိသတ်များ အနေဖြင့် ကွင်းလယ်ဒိုင်၏ ဆုံးဖြတ်ချက်များကို စောဒက တက်ခဲ့ကြခြင်း ဖြစ်သည်။ ဒုတိယပိုင်းတွင် ရန်ကုန် အနေဖြင့် အခွင့်အရေး ဖန်တီးနိုင်ခြင်း မရှိတော့သလို ဇေယျာရွှေမြေ အနေဖြင့်လည်း ထိရောက်သည့် အခွင့်အရေးများ ဖန်တီးနိုင်ခြင်း မရှိသည့် အတွက် (၀-၂) ရလဒ်ဖြင့်ပင် ပွဲပြီးဆုံးခဲ့သည်။ ယခုပွဲ ရလဒ်ကြောင့် ဇေယျာရွှေမြေမှာ အဆင့် (၇) နေရာထိ ကျဆင်းသွား ခဲ့ပြီး ရန်ကုန် ယူနိုက်တက်မှာမူ အဆင့်(၃)သို့ ရောက်လာခဲ့သည်။

Credit – themnl



























အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment