Sunday, March 6, 2016

နောက်ကျပယ်နယ်တီနဲ့ လီဗာပူးလ်အနိုင်ရခဲ့ပြီး အဝေးကွင်းမှာ ရှုံးပွဲတွေ့ခဲ့တဲ့မန်ယူ

ပရီးမီးယားလိဂ်ပွဲစဉ်(၂၉) တနင်္ဂနွေနေ့ပွဲတွေကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့
ရာမှာတော့ လီဗာပူးလ်အသင်းဟာ နောက်ကျပယ်နယ်တီဂိုးနဲ့ ပဲလေ့စ်ကို အနိုင်ရခဲ့ပေမယ့်လည်း မန်ယူကတော့ အဝေးကွင်းရှုံးပွဲနဲ့ကြုံတွေ့ခဲ့ရပါတယ်။

အခုနောက်ပိုင်း ပရီးမီးယားလိဂ်ပွဲတွေမှာ ခြေမှန်နေတဲ့ လီဗာပူးလ်အသင်းဟာ
ပဲလေ့စ်ကို အနိုင်ရခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်ကို ဆက်
လက်ဆုပ်ကိုင်ထားနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာလက စတုတ်စီးတီးကို အဝေးကွင်းနိုင်ပွဲရခဲ့ပြီးနောက်ပိုင်း နိုင်ပွဲပျောက်ဆုံးနေတဲ့ ပဲလေ့စ်အသင်းဟာ
သူတို့ရဲ့ မှတ်တမ်းဆိုးကို ရပ်တန့်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ အခုပွဲမှာလည်း ပွဲချိန်
(၄၈)မိနစ်မှာ ကွင်းလယ်လူ လက်ဒလေရဲ့ဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့်လည်း (၇၂)မိနစ်မှာ ဂိုးသမားမက္ကာသီရဲ့အမှားကနေလီဗာပူးလ်တိုက်စစ်မှူး 
ဖေမီနိုက ချေပဂိုးသွင်းယူခဲ့သလို၊ နာကျင်အချိန်ပို(၉၄)မိနစ်မှာ ဘန်တီကို
ဒီလေးနီ ပယ်နယ်တီဧရိယာအတွင်း ပြစ်ဒဏ်ကျုးလွန်ခဲ့တာကြောင့် ပယ်နယ်
တီပေးခဲ့ရပြီး အဲဒီပယ်နယ်တီကို ဘန်တီကီက အမှားအယွင်းမရှိ ကန်သွင်းခဲ့
လို့ အိမ်ကွင်းမှာ သရေတစ်မှတ်တောင်မရခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အ
သင်းအနေနဲ့ ဒီပွဲအပါအ၀င် ပရီးမီးယားလိဂ်နောက်ဆုံး (၄)ပွဲဆက် ရှုံးပွဲမရှိခဲ့
ပေမယ့် ပဲလေ့စ်ကတော့ နောက်ဆုံး(၁၂)ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ပါတယ်။

လီဗာပူးလ်နဲ့ပွဲအပြီး ဆက်လက်ကစားခဲ့တဲ့ ၀က်စ်ဘရွန်း-မန်ယူပွဲမှာတော့
ဝက်စ်ဘရွန်းအသင်းက ရွန်ဒွန်ရဲ့အနိုင်ဂိုးကြောင့် အနိုင်(၃)မှတ်ရယူနိုင်ခဲ့ပါ
တယ်။ အခုနောက်ပိုင်းပွဲတွေမှာ လူငယ်တွေနဲ့ခြေစွမ်းပြပြီး ပြိုင်ပွဲစုံ(၄)ပွဲဆက်
အနိုင်ရခဲ့တဲ့ မန်ယူဟာ အခုပွဲမှာတော့ ရှုံးပွဲပြန်ကြုံတွေ့ခဲ့ရပြီ။ ဒီပွဲမှာ မန်ယူ
ရဲ့ကစားပုံက အကောင်းဆုံးအနေအထားမှာ မရှိသလို၊ ကွင်းလယ်လူ မာတာ
ပထမပိုင်းကတည်းက နှစ်ဝါ၊တစ်နီနဲ့အထုတ်ခံခဲ့ရလို့ ပိုပြီးအားနည်းသွားခဲ့ပါ
တယ်။ ၀က်စ်ဘရွန်းအတွက် ဂိုးကိုတော့ (၆၆)မိနစ်မှာ ပိုကော့နိုလီရဲ့ပေးပို့မှု
ကနေ ရွန်ဒွန်က သွင်းယူခဲ့တာပါ။ အခုရှုံးပွဲကြောင့် မန်ယူဟာ ၀က်စ်ဟမ်းရဲ့
ကျော်တက်ခြင်းကို ခံခဲ့ရပြီး အဆင့်(၆)နေရာရောက်ခဲ့သလို၊ လီဗာပူးလ်နဲ့
လည်း (၃)မှတ်သာကွာတော့လို့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ရုန်းကန်ရတော့မယ့်
အနေအထားဖြစ်သွားပါပြီ။

Credit – Eleven Sports



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment