Wednesday, November 25, 2015

အသင်းကြီးများဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ချန်ပီယံလိဂ်

နိုဝင်ဘာ ၂၄ ရက်က ယှဉ်ပြိုင်ကစားသည့် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်များတွင် နာမည်ကြီးအသင်းအများစု အနိုင်ရခဲ့ပြီး အခြေအနေယိမ်းယိုင်နေသည့် အာဆင်နယ်သည်လည်း အုပ်စုတက်ရေး မျှော်လင့်ချက်များ ပြန်လည်ရှင်သန်လာခဲ့သည်။

အာဆင်နယ် ၃ - ၀ ဒိုင်နမိုဇာဂရက်ဘ်


လုံးဝ အမှားမခံတော့သည့် အခြေအနေများကြောင့် အာဆင်နယ်သည် အိမ်ကွင်းတွင် သတိကြီးကြီးကစားသွားပြီး ခရိုအေးရှားကလပ်ကို ဂိုးပြတ်အနိုင်ရခဲ့သည်။ ပွဲချိန် ၂၉ မိနစ်တွင် တန်ပြန်တိုက်စစ်မှတစ်ဆင့် ဘယ်ခြမ်းမှ အလက်ဆစ်ဆန်းချက်ဇ် ခုပ်တင်ပေးသော ဘောလုံးကို မီဆွတ်အိုဇေးလ်က ဒိုင်ဗင်ထိုးခေါင်းတိုက်ပြီး အာဆင်နယ်တို့ ဦးဆောင်ဂိုးရရှိသည်။ ၃၃ မိနစ်တွင် ဂိုးဧရိယာထိပ်နား၌ ဇာဂရက်ဘ် နောက်တန်း၏ ပေါ့ပေါ့လျော့လျော့ လူပေးပုံ အမှားမှတစ်ဆင့် နာချိုမွန်ရီရယ်လ် ချိုးပေးသော ဘောလုံးကို ဆန်းချက်ဇ်က အနီးကပ် ပိတ်သွင်းပြီး အိမ်ရှင်တို့ ဒုတိယဂိုး ရယူနိုင်ခဲ့သည်။

၆၉ မိနစ်တွင် ဂျိုဝယ်လ်ကမ့်ဘဲလ် အကွက်မြင်မြင် မျှောထုတ်ပေးလိုက်သည့် ဘောလုံးကို ဆန်းချက်ဇ်က လူကျွံထောင်ချောက်ကို ဖောက်ထွက်ကာ ဂိုးသမားကိုပါ လှည့်ထုတ်သွားပြီး ကန်သွင်းသဖြင့် ၃-၀ ဖြင့် ပွဲပြီးခဲ့သည်။ တစ်ဖက်တွင် အာဆင်နယ်၏ အုပ်စုတွင်းပြိုင်ဘက် အိုလံပီယာကော့စ်လည်း ရှုံးနိမ့်သွားသဖြင့် အင်္ဂလန်ကလပ်အတွက် နောက်တစ်ဆင့်တက်ရေး မျှော်လင့်ချက်ငွေ့ငွေ့ရှင်သန်လာခဲ့သည်။

ဘာစီလိုနာ ၆ - ၁ ရိုးမား

လက်ရှိချန်ပီယံ ဘာစီလိုနာသည် အိမ်ကွင်းတွင် အထူးခြေစွမ်းပြပြီး အီတလီကလပ် ရိုးမားကို ဂိုးဒါဇင်ဝက်သွင်းကာ အနိုင်ယူခဲ့သည်။ ပွဲချိန် ၁၆ မိနစ်တွင် ကွင်းလယ်မှ ခုပ်တင်ပေးလိုက်သည့် ဘောလုံးကို ဒန်နီအဲလ်ဗက်စ်က အလိုက်သင့်ချပေးရာ လူမရှိသော ဂိုးပေါက်ထဲသို့ လူးဝစ်ဆွာရက်ဇ်က အေးအေးလူလူကန်သွင်းပြီး ဘာစီလိုနာတို့ ဦးဆောင်ဂိုး ရရှိခဲ့သည်။ ၁၇ မိနစ်တွင် ဘာစီလိုနာ ကွင်းလယ်လူများနှင့် အပေးအယူတွဲလုံးကစားပြီး ဆွာရက်ဇ်က အသာအယာမတင်ပေးလိုက်သည့် ဘောလုံးကို လီယွန်နယ် မက်ဆီက ဂိုးသမား ဝေါ့ဆစ်ခ်ျဆက်ဇီနီကို ကျော်ကန် သွင်းယူကာ ၂-၀ ဖြစ်လာသည်။

၄၃ မိနစ်တွင် ဘာစီလိုနာ၏ ထောင့်ဖြတ်ဘောကို ရိုးမားခံစစ်က ခေါင်းတိုက်ရှင်းထုတ်သော်လည်း ဂိုးဧရိယာအစပ်တွင် ရှိနေသည့် ဆွာရက်ဇ်က မြေမကျ အပြင်းကန်သွင်းပြီး တတိယဂိုး ရရှိခဲ့သည်။ ၅၅ မိနစ်တွင် ဆွာရက်ဇ် ပေးပို့သောဘောလုံးကို မက်ဆီက အလိုက်သင့်ချိုးပေးလိုက်ရာ ပြေးတက်လာသည့်နောက်ခံလူ ဂျရတ်ပီကေးက အနီးကပ်ဝင်ပိတ်ပြီး စတုတ္ထဂိုးသွင်းယူနိုင်ခဲ့ပြန်သည်။ ၅၉ မိနစ်တွင် နေမာနှင့် ဆွဲရက်ဇ်တို့၏ ပူးပေါင်းဖန်တီးပေးမှုကို မက်ဆီက ဂိုးသမားနှင့် အနီးကပ်အနေအထား၌ နှစ်ဆင့်ပိတ်သွင်းပြီး ၅-၀ ဖြင့် ဘာစီလိုနာတို့ ပွဲကို ဦးဆောင်ခဲ့သည်။

၇၅ မိနစ်တွင် နေမာကို ရိုးမားခံစစ်က ဖျက်ပုံကြမ်းသဖြင့် ပင်နယ်တီရခဲ့သော်လည်း နေမာကိုယ်တိုင် ကန်သွင်းမှုကို ဂိုးသမား ဆက်ဇီနီ ပုတ်ထုတ်ခဲ့သည်။ သို့သော်လည်း အဆိုပါဘောလုံးကို ရိုးမားခံစစ်က မရှင်းထုတ်နိုင်မီ အက်ဒရီယာနိုက ပြေးဝင်ကန်သွင်းသွားသဖြင့် ဘာစီလိုနာတို့ ဒါဇင်ဝက်အရေအတွက်မျှ ဂိုးပြတ်ဦးဆောင်လာသည်။ ၈၁ မိနစ်တွင် ရိုးမား တိုက်စစ်မှူး အီဒင်ဒီဇီကို ထိုးဖောက်လာမှုကို ဘာစီလိုနာခံစစ်က တားဆီးသဖြင့် ပင်နယ်တီပေးရသည်။ ယင်းပင်နယ်တီကို ဒီဇီကိုပင် တာဝန်ယူကန်သွင်းခဲ့သော်လည်း ဘာစီလိုနာ ဂိုးသမား မက်အင်ဒရီ တာစတီဂျန် ပုတ်ထုတ်ကာကွယ်သွားသည်။ ရိုးမားအတွက် တစ်လုံးတည်းသော သိက္ခာဆယ် အနိုင်ဂိုးကို နာကျင်အပိုဆောင်းချိန်တွင် လူးကက်စ်ဒီဂျနီ ဖြတ်ပို့သည့်ဘောလုံးကို ဒီဇီကိုက ခေါင်းတိုက်သွင်းယူသွားခြင်း ဖြစ်သည်။

မက္ကာဘီတဲလ်အဗစ်ဗ် ၀ - ၄ ချယ်လ်ဆီးနောက်ပိုင်းပွဲစဉ်များတွင် ခြေမှန်ပြန်ရလာသည့် ချယ်လ်ဆီးသည် အဝေးကွင်းတွင် မက္ကာဘီအသင်းကို သက်တောင့်သက်သာ အနိုင်ယူခဲ့သည်။ ၁၉ မိနစ်တွင် ဝီလျံ၏ထောင့်ကန်ဘောကို ဂယ်ရီကာဟေးလ် ခေါင်းတိုက်ရာ ဂိုးသမား ပုတ်ထုတ်သော်လည်း ကာဟေးလ်ကပင် ထပ်ဆင့်ပိတ်သွင်းပြီး ချယ်လ်ဆီးတို့ ဂိုးစရရှိခဲ့သည်။ ၃၉ မိနစ်တွင် ဒီယေဂို ကော်စတာကို ကန်ကျောက်ခဲ့သည့် မက္ကာဘီ နောက်ခံလူ တယ်လ်ဘန်ဟိမ်းကို ဒိုင်က အနီကတ်ပြ ထုတ်ပယ်လိုက်သည့်နောက် အင်္ဂလန်ကလပ်က ပွဲကို ပိုမို ထိန်းချုပ်လာနိုင်ခဲ့သည်။

၇၂ မိနစ်တွင် ချယ်လ်ဆီး၏ တည်ကန်ဘော စပယ်ရှယ်လစ်ဝီလျံက ဘီးကုပ်ထိပ်နားမှ ပြစ်ဒဏ်ဘောကို ဂိုးတိုင်ထောင့်ထဲ လှလှပပကန်သွင်းပြီး ဒုတိယဂိုး ရရှိခဲ့ပြန်သည်။ ၇၆ မိနစ်တွင် အက်ဘ်ဒူလ် ဘာဘာ ရာဟ်မန် ဘယ်ခြမ်းမှ ဖြတ်တင်ပေးလိုက်သည့် ဘောလုံးကို အော်စကာက ပြေးဝင်ခေါင်းတိုက်ပြီး တတိယဂိုး သွင်းယူခဲ့သည်။ ပွဲပြီးခါနီး နောက်ဆုံးမိနစ်တွင် အော်စကာကန်တင်ပေးသည့် ထောင့်ကန်ဘောကို နောက်ခံလူ ကက်ဇူးမားက ခေါင်းတိုက်သွင်းပြီး ချယ်လ်ဆီးတို့ ၄-၀ ဖြင့် အနိုင်ရရှိသွားသည်။

ဘိုင်ယန်မြူးနစ် ၄ - ၀ အိုလံပီယာကော့စ်

တစ်ယောက်လျော့ အနေအထားဖြင့် ကစားရသည့်တိုင် ဘိုင်ယန်သည် ဂရိကလပ်ကို ဂိုးပြတ်အနိုင်ယူကာ အုပ်စု(F)မှ နောက်တစ်ဆင့်တက်ရန် သေချာသွားခဲ့သည်။ ပွဲအစ ၈ မိနစ်တွင် ဂျရိုမီဘိုတန်၏ အဝေးကန်ချက်ကို ဂိုးသမား ပုတ်ထုတ်သော်လည်း ဒေါက်ဂလက်စ် ကော်စတာက ထပ်ဆင့်အပြင်းကန်သွင်းကာ အိမ်ရှင်တို့ ပွဲကို ဦးဆောင်သည်။ ၁၅ မိနစ်တွင် လူငယ်တောင်ပံကစားသမား ကင်စလေကိုမန်၏ ကန်ချက်က ၎င်း၏ရှေ့ရှိ ရောဘတ်လီဝင်ဒေါစကီးနှင့် ထိပြီး ဘောလုံးရပ်သွားခဲ့ရာ လီဝင်ဒေါစကီးက အချိန်မဆိုင်းဘဲ ထပ်မံကန်သွင်းသဖြင့် ဘိုင်ယန်တို့ ဒုတိယဂိုး ရရှိခဲ့သည်။

မိနစ် ၂၀ တွင် ကင်စလေ၏ကန်ချက် ဆိုးဆိုးရွားရွားလွဲချော်သွားသော်လည်း အာယန်ရော်ဘန်ထံ ရောက်သွားပြီး ၎င်းက ခေါင်းတိုက်ချပေးသည်ကို သောမတ်စ်မူလာက အနီးကပ်ဝင်ပိတ်၍ ၃-၀ ဖြစ်လာသည်။ ၅၂ မိနစ်တွင် အိုလံပီယာကော့စ် တိုက်စစ်သမား ဘရောင်း အိုဒီရီကို နောက်ဆုံးခံစစ်သမားအနေဖြင့် တားဆီးပုံကြမ်းခဲ့ခြင်းကြောင့် ဘိုင်ယန် နောက်ခံလူ ဟိုလ်ဂါ ဘက်စ်တူဘာ တိုက်ရိုက်အနီကတ်ဖြင့် ထွက်ခဲ့ရသည်။ ၆၉ မိနစ်တွင် ကွင်းလယ်မှ ခုပ်တင်ပေးသည့် ဘောလုံးကို မူလာ ခေါင်းတိုက်ချပေးရာ ကိုမန်က ထပ်ဆင့်ခေါင်းတိုက်ပြီး စတုတ္ထဂိုးကိုရယူကာ ၄-၀ ဖြင့် ပွဲပြီးသွားခဲ့သည်။

အခြားပွဲစဉ်များတွင် ဘိတ်ဘိုရီဆော့ဗ်နှင့် ဘေယာလေဗာကူဆင်တို့ တစ်ဂိုးစီ သရေကျပြီး ဇင်းနစ် စိန့်ပီတာစဘက်က တစ်ယောက်လျော့ ဗလန်စီယာကို ၂-၀ ဖြင့် အနိုင်ရခဲ့သည်။ ပေါ်တိုနှင့် အိုလံပစ် လိုင်ယွန်တို့မှ အိမ်ကွင်းရှုံးပွဲများ ကြုံခဲ့ပြီး ပေါ်တိုက ဒိုင်နမိုကိယက်ဗ်ကို ၂-၀ ဖြင့်လည်းကောင်း၊ လိုင်ယွန်က ဂျန့်ကို ၁-၂ ဖြင့်လည်းကောင်း အသီးသီး အရေးနိမ့်ခဲ့သည်။
Credit: 7daydaily

No comments:

Post a Comment