ချဲဆီးရဲ့အနေကိုမယုံနိုင်ဖြစ်မိဟုပီတာချက်ပြေ
အာဆင်နယ်အသင်းရဲ့ ဂိုးသမား Petr Cech ဟာ အသင်းဟောင်း ချယ်လ်ဆီးအနေနဲ့ ရာသီအစမှာ ရလဒ်ဆိုးတွေ ကြုံနေရတာကို နားမလည်နိုင်ဘူးလို့ ပြောပါတယ်။ Petr Cech က အသင်းဟောင်း ချယ်လ်ဆီးဟာ ချန်ပီယံဖြစ်ခဲ့ပြီး စောစောစီးစီး အခုလိုကျဆုံးခန်းတွေနဲ့ ကြုံနေရတာက သူ့ကို စိတ်ထိခိုက်စေခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။
ချယ်လ်ဆီးဟာ လိဂ်ပွဲဆယ့်နှစ်ပွဲမှာ သုံးပွဲသာ အနိုင်ရထားပြီး ချန်ပီယံလမ်းကြောင်းကနေ အစောဆုံး သွေဖယ်သွားခဲ့တဲ့အပြင် ချန်ပီယံလိဂ် ဝင်ခွင့်အတွက်တောင် စိုးရိမ်စရာ အနေအထားတစ်ရပ် ဖြစ်လာခဲ့တာပါ။
ဒါကြောင့်နည်းပြ Mourinho ဦးဆောင်နေတဲ့ အသင်းဟာ ရလဒ်တွေ အတော်လေးဆိုးဝါးနေတာနဲ့ ပတ်သက်ပြီး Petr Cech က "အရမ်းကို အံ့သြမိတယ်။ ဒီအသင်းက လွန်ခဲ့တဲ့ ခြောက်လကမှ ချန်ပီယံဖြစ်ခဲ့တာလေ။ ကစားသမားအပြောင်းအလဲ ကြီးကြီးမားမား ရှိခဲ့တာလည်း မဟုတ်ဘူး။ ကျွန်တော်ထွက်ခဲ့တာကလည်း သူတို့အတွက် အရေးမကြီးခဲ့ဘူး။ နည်းပြကလည်း နည်းဗျူဟာအသစ်တွေကို သုံးနေတာလည်း မဟုတ်ပါဘူး။ ဒါ့ကြောင့် အသင်းတစ်သင်း ဒီလောက်အထိ တပ်ပျက်သွားတယ်ဆိုတာ မယုံနိုင်စရာပါပဲ။ သူတို့အားလုံး ဒီအခက်အခဲတွေကို အကောင်းဆုံး ကျော်လွှားသွားပါလိမ့်မယ်"လို့ ပြောပါတယ်။
ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ ယိုယွင်းနေတဲ့နေရာတွေအတွက် လာမယ့် အပြောင်းအရွှေ့မှာ အားဖြည့်မှုတွေ ပြုလုပ်ဖို့ စီစဉ်နေပြီး လူငယ်ခြေတက် နောက်ခံလူတွေနဲ့ တိုက်စစ်မှူးတစ်ယောက်ကို ခေါ်ယူဖို့ အစီအစဉ်တွေ ချမှတ်ထားတယ်လို့လည်း သိရပါတယ်။
ဆက်စပ်သတင်းတွေအရလည်း အသင်းရဲ့ လက်ရှိတိုက်စစ်မှူးတစ်ယောက်ဖြစ်တဲ့ ကိုလံဘီယာတိုက်စစ်မှူး Falcao ကိုလည်း ဆောင်းအပြောင်းအရွှေ့မှာ အငှားစာချုပ် ဖျက်သိမ်းပြီး အခြားတစ်သင်းသင်းကို လက်လွှတ်ဖွယ် ရှိနေတယ်လို့လည်း သိရပါတယ်။
Credit : Thithtoolwin
*********************************
လီဝန်ဒေါစကီးကိုခေါ်ဖို့ကြိုးစားနေတဲ့ရီးယဲလ်
စပိန်အင်အားကြီး ရီးရဲလ်မက်ဒရစ်အသင်းဟာ လာမယ့်ရာသီအတွက် ကမ္ဘာ့အဆင့်မှီ တိုက်စစ်မှူးတစ်ယောက်ကို ခေါ်ယူဖို့ပြင်ဆင်နေခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းရဲ့ တိုက်စစ်မြှားဦး Lewandowski ကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
Lewandowski ဟာ အခုရာသီမှာ တိုက်စစ်ကစားသမားကောင်း တစ်ယောက်ဖြစ်တယ်ဆိုတာကို သူ့ရဲ့ သွင်းဂိုးတွေနဲ့ သက်သေပြနေပြီး စပိန်ကလပ်က စိတ်ဝင်စားလာတာလည်း ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းမှာ ပြင်သစ်တိုက်စစ်မှူး Benzema ရှိနေသေးပေမယ့်လည်း သူ့ရဲ့ ကွင်းပြင်ပ ပြဿနာတွေကြောင့် အသင်းကနေ ကင်းကွာနေတယ်လို့လည်း သိရပါတယ်။
ဒါ့ကြောင့် သူတို့ဟာ အသင်းကို ပိုအကျိုးပြုစေမယ့် တိုက်စစ်ကစားသမားကောင်း တစ်ယောက်ကို ရှာဖွေနေတာလည်း ဖြစ်ပါတယ်။ ကစားသမားရဲ့ အေးဂျင့်ဖြစ်သူ Cezary Cucharsky ကတော့ "စပိန်ကလပ်က စိတ်ဝင်စားနေတယ် ဆိုတာကိုတော့ မငြင်းဆန်နိုင်ပါဘူး။ ကျွန်တော့်ရဲ့ ကစားသမားအနေနဲ့တော့ ပြီးခဲ့တဲ့ လတွေအတွင်းမှာ အပြောင်းအရွှေ့ကိစ္စအတွက် ဆွေးနွေးထားတာမျိုးတော့ မရှိသေးပါဘူး"လို့ ပြောပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ တိုက်စစ်မှူးလိုအပ်ချက်ကြောင့် သူတို့ရဲ့ ကစားသမားဟောင်းဖြစ်တဲ့ ဂျူဗင်တပ်တိုက်စစ်မှူး Morata ကိုလည်း ပြန်ပြီးချိတ်ဆက်နေပြီး ကစားသမားကိုယ်တိုင်ကတော့ ရီးရဲလ်ကိုပြန်လာဖို့ အစီအစဉ်မရှိဘဲ ဂျူဗင်တပ်အသင်းနဲ့ပဲ ရှေ့ဆက်အောင်မြင်မှုတွေကိုသာ ရယူသွားမယ်လို့ ပြောပါတယ်။
ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းဘုရင်ဖြစ်နေတဲ့ လက်စတာတိုက်စစ်မှူး Vardy ကိုလည်း စောင့်ကြည့်နေပြီး ခေါ်ယူဖို့ ဖြစ်နိုင်ချေတော့ နည်းပါးနေပါသေးတယ်။ ဒါ့ကြောင့် ရီးရဲလ်မက်ဒရစ်ဟာ တိုက်စစ်မှူးနေရာအတွက် Lewandowski ,Morata ,Vardy တို့ကို စောင့်ကြည့်လျက်ရှိနေပြီး Lewandowski ကိုတော့ အဓိကပစ်မှတ်အဖြစ် ကြိုးစားလုပ်ဆောင်ဖွယ် ရှိနေတယ်လို့လည်း သိရပါတယ်။
Credit : Thithtoolwin
*********************************
စပိန်နာမည်ကျော်ကစားသမားRaulကစားသမားဘဝမှအနားယူ
စပိန်အသင်းနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ ဂန္တဝင်တိုက်စစ်မှူး Raul ဟာ New York Cosmos အသင်းနဲ့အတူ မြောက်အမေရိကန် ဘောလုံးလိဂ် (NASL) မှာ ဗိုလ်စွဲနိုင်ခဲ့တဲ့နောက်မှာ သူ့ရဲ့ ၂၁ နှစ်ကြာ ကစားသမားဘဝကို အဆုံးသတ်သွားခဲ့ပြီ ဖြစ်ပါတယ်။
New York Cosmos အသင်းက Ottawa Fury အသင်းကို သုံးဂိုးနှစ်ဂိုးနဲ့ အနိုင်ရဗိုလ်စွဲခဲ့တဲ့ပွဲဟာ သူ့ရဲ့ကစားသမားဘဝအတွက် နောက်ဆုံးပွဲဖြစ်ခဲ့ပါတယ်။ သူဟာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ၁၆ နှစ်ကြာကစားခဲ့ပြီး ချန်ပီယံလိဂ်နဲ့ လာလီဂါဖလားတွေ အပါအဝင် အခြားဆုဖလားတွေကိုလည်း ရယူနိုင်ခဲ့ပြီး မကြာသေးခင်ကမှ Ronaldo ချိုးဖျက်နိုင်ခဲ့တဲ့ အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမား တစ်ယောက်လည်း ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ ဂျာမန်ကလပ် ရှော်ကေး ၊ ကာတာကလပ် အယ်ဆတ်ဒ်နဲ့ အခုနောက်ဆုံးအဖြစ် အမေရိကန်ကလပ် New York Cosmos အသင်းတို့မှာ ကစားခဲ့ပြီး သက်ဆိုင်ရာ ဆုဖလားတွေကိုလည်း ရယူနိုင်ခဲ့ပြန်ပါတယ်။
အနားယူချိန်မှာတော့ အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်ပြီး ကစားသမားဘဝတစ်လျှောက်မှာ ဆုဖလား ၂၂ လုံးနဲ့ တစ်ဦးချင်း ဆုတံဆိပ်များစွာကိုလည်း ဆွတ်ခူးနိုင်ခဲ့တယ်လို့ သိရပါတယ်။ သူဟာ ကစားသမားဘဝက အနားယူအပြီးမှာ New York Cosmos အသင်းရဲ့ သံတမန်အဖြစ် ဆက်ရှိနေမယ်လို့ Cosmos နည်းပြ Giovanni Savarese က ပြောပါတယ်။
Raul နဲ့အတူ Cosmos အသင်းမှာကစားနေတဲ့ ယူရို ၂၀၀၈ ချန်ပီယံ စပိန်လက်ရွေးစင်အသင်းမှာ ပါဝင်ခဲ့တဲ့ ကွင်းလယ်ကစားသမားကြီး Marcos Senna ကလည်း တစ်ချိန်တည်းမှာပဲ အနားယူခဲ့တာဖြစ်ပါတယ်။
"Raul ဟာ အောင်မြင်မှု ရယူလိုစိတ်ပြင်းပြပြီး ကွင်းထဲမှာလည်း အကောင်းဆုံး ကစားနိုင်သူတစ်ယောက်ပါ။ သူ့ကို အသင်းသံတမန် တစ်ယောက်အနေနဲ့ ရှိနေစေအုံးမှာပါ။ သူ့ကို အမေရိကန်က ကစားသမားတွေက လေးစားသမှု ရှိကြပါတယ်။ စပိန်က ဂန္တဝင်ကစားသမားနှစ်ယောက်က အသင်းကို ချန်ပီယံဆုရအောင် စွမ်းဆောင်ပေးတဲ့ ကဏ္ဍမှာ အဓိက ပါဝင်ခဲ့ပါတယ်။
ကျွန်တော့် မြေးဖြစ်သူတွေကို Raul ကို နည်းပြခဲ့ရတာ ဘယ်လောက် အမှတ်ရနေခဲ့တယ် ဆိုတာ ပြောပြရပါလိမ့်မယ်။ နည်းပြဘဝတစ်လျှောက်မှာ အကောင်းဆုံး ကစားသမားတစ်ယောက် ကို တွေ့ခဲ့ရတာပါ။ Senna ကလည်း ထိုနည်းတူပါပဲ"လို့ နည်းပြဖြစ်သူ Savarese က AS သတင်းကို ပြောပြခဲ့ပါတယ်။
Credit : Thithtoolwin
********************************
အာဆင်နယ်ကစားသမားဆန်းချက်ဇ်အားခေါ်ယူရန်မန်ယူကြိုးပမ်း
အာဆင်နယ်အသင်း၏ တိုက်စစ်မှုး အလက်ဆစ် ဆန်းချက်ဇ်အားခေါ်ယူရန် မန်ယူအသင်း ရုတ်တရတ် ကြိုးပမ်းလာခဲ့ကြောင်း သိရှိရသည်။ အလက်ဆစ် ဆန်းချက်ဇ်အား ခေါ်ယူရန် မန်ယူအသင်းအပြင် ရီးရဲလ်မက်ဒရစ်အသင်း ကလည်း ကြိုးပမ်းကြောင်း ဗြိတိန်ထုတ် Daily Star သတင်းစာက စပိန်ထုတ် အားကစားမဂ္ဂဇင်း Don Blaon ၏ဖော်ပြချက်ကို ကိုးကားကာ ရေးသားခဲ့သည်။
အလက်ဆစ်ဆန်းချက်ဇ်သည် ၂၀၁၄ နွေရာသီက ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းဖြင့် ဘာစီလိုနာအသင်းမှ အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ယခုအခါ မန်ယူအသင်းက ပေါင် ၅၃ သန်းဖြင့် ကမ်းလှမ်းရန် ပြင်ဆင်နေကြောင်း သိရသည်။
Don Balon ၏ အဆိုအရ အလက်ဆစ်ဆန်းချက်ဇ်သည် အသင်းဟောင်း ဘာစီလိုနာအသင်းကို သစ္စာမဖောက်လို၍ ရီးရဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ရန် ဆန္ဒမရှိဘဲ မန်ယူအသင်းကိုသာ စိတ်ဝင်စားနေကြောင်း သိရသည်။
မြန်နှုန်းမြင့် တောင်ပံကစားသမား အလိုရှိနေသည့် မန်ယူနည်းပြ ဗန်ဟားလ်ကလည်း အလက်ဆစ်ဆန်းချက်ဇ်အား ဆက်သွယ်ကာ လာမည့်နွေရာသီတွင် ကမ်းလှမ်းရန် အစီအစဉ်ကို အသိပေးထားပြီးဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။
အာဆင်နယ်အသင်းကမူ အလက်ဆစ်ဆန်းချက်ဇ်အား ရောင်းချရန် လုံးဝဆန္ဒမရှိဘဲ ၄င်းအား ၀န်းရံကာ အသင်းကို တည်ဆောက်သွားရန် စီစဉ်ထားကြောင်း ရှင်းပြကာ စည်းရုံးသိမ်းသွင်းဖွယ်ရှိကြောင်း သိရသည်။
Credit : First Eleven
*********************************
အင်္ဂလန်နှင့်မန်ယူကွင်းလယ်လူ ကာရစ်ကာလရှည်အနားယူရမည်
အင်္ဂလန်နှင့် မန်ယူအသင်း ၀ါရင့်ကွင်းလယ်လူ ကာရစ်သည် စပိန်နှင့် ကစားခဲ့သော ခြေစမ်းပွဲတွင် ဒဏ်ရာရရှိခဲ့သဖြင့် ကာလရှည် အနားယူရဖွယ် ရှိကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။
အဆိုပါပွဲတွင် အင်္ဂလန်အသင်းမှာ (၂-၀)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ကာရစ်သည် ပွဲပြီးရန် မိနစ်ပိုင်းအလိုတွင် ညာဘက်ခြေကျင်းဝတ် လည်သွားခဲ့ပြီး ကွင်းအတွင်းမှ ထမ်းစင်ဖြင့် ခေါ်ယူခဲ့ရသည်။
ကာရစ်အနေဖြင့် ခြေကျင်းဝတ်အရွတ် ထိခိုက်သွားသည်ဟု ယူဆရပြီး ယင်းဒဏ်ရာကြောင့် ပြင်သစ်နှင့်ကစားမည့် ခြေစမ်းပွဲကို လွဲချော်မည်ဖြစ်ကြောင်း သိရသည်။
အသက်(၃၄)နှစ်အရွယ် ရှိပြီဖြစ်သူ ကာရစ်သည် ပြီးခဲ့သည့် စနေနေ့က မန်ချက်စတာမြို့သို့ ပြန်သွားပြီဖြစ်ပြီး သူ၏ ခြေကျင်းဝတ်ဒဏ်ရာကို စမ်းသပ်စစ်ဆေးမှု ပြုလုပ်မည်ဖြစ်သလို ရက်အတော်ကြာ အနားယူရဖွယ် ရှိကြောင်း Daily Mail က ဖော်ပြခဲ့သည်။
အင်္ဂလန်အသင်းနည်းပြ ရွိုင်းဟော့ဒ်ဆန်က "ကာရစ်ရဲ့အခြေအနေက သိပ်မကောင်းပါဘူး။ သူ့ရဲ့ခြေကျင်းဝတ်က ဆိုးဆိုးရွားရွား လည်သွားခဲ့တာဖြစ်ပြီး ဆေးစစ်ချက် မထွက်သေးတာကြောင့် ဘယ်အချိန်အထိ အနားယူရမလဲ မသိပေမယ့် ဒဏ်ရာအနေအထားက ဆိုးရွားတဲ့ပုံပါပဲ" ဟု ပြောကြားခဲ့သည်။
ကာရစ်သည် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ပြန်လည်ရွေးချယ်ခံခဲ့ ရသော်လည်း ဒဏ်ရာများနှင့် ရုန်းကန်နေရသဖြင့် အသင်းအတွက် နှစ်ပွဲသာ ကစားရသေးကြောင်း သိရသည်။
Credit : First Eleven
*********************************
အင်္ဂလန်-ပြင်သစ်ပွဲ၌ဝမ်းနည်းကြောင်းဂုဏ်ပြုအစီအစဉ်ပါဝင်
ယနေ့ညဥ့်နက်ပိုင်း ဝင်ဘလေကွင်းတွင်ကစားမည့် အင်္ဂလန်-ပြင်သစ် ခြေစမ်းပွဲ အကြို အင်္ဂလန်အသင်း၏ တနင်္လာနေ့ လေ့ကျင့်ရေး၌ ပါရီတိုက်ခိုက်မှုများတွင် သေဆုံးခဲ့သူများအတွက် ဝမ်းနည်းကြောင်း တစ်မိနစ်ကြာ ငြိမ်သက်ခဲ့ကာ ပွဲကစားသည့်နေ့တွင်လည်း ဝမ်းနည်းကြောင်း အစီအစဉ်များကို ပရိသတ်များနှင့် အက်ဖ်အေက ဂုဏ်ပြုစီစဉ်ထားသည်။
အင်္ဂလန်အသင်း လေ့ကျင့်ရေးကို စပါးအသင်း၏ ကွင်းတွင်ပြုလုပ်ခဲ့ပြီး လူသစ်ဖြစ်သောမန်ယူမှ လင်းဂတ် ပထမဆုံးအကြိမ် ပါဝင်လာကာ စပါးမှ ဟယ်ရီဝင့်နှင့် ဟာရီဆန်တို့လည်း ပါဝင်ခဲ့သည်။
သို့သော် ဝဲလ်ဘတ်၊ ကာရစ်၊ ဖေဘီယန်ဒပ်ဖ်နှင့် ဂျိမ်းစ်မီလ်နာ၊ ဝီရှ်ယား၊ ဗာဒီစသဖြင့် ကစားသမား ၁၆ ဦးမှာမူ အသင်းတွင်ပါဝင်ရန် မသေချာသေးပေ။
ဝင်ဘလေကွင်းတွင် ဗုဒ္ဓဟူးနံနက်အစောပိုင်း (မြန်မာစံတော်ချိန် ၂ နာရီခွဲ) ၌ ကစားမည့်ထိုပွဲတွင် အင်္ဂလန်ပရိသတ်များက ကွင်းအတွင်း ဖြူ၊ နီ၊ ပြာ ရောင်စုံ ကတ်ပြားများယူလာကာ ပြင်သစ်အလံပုံစံ ဖန်တီးကိုင်ဆောင်ပြ ကြမည် ဖြစ်ပြီး ပြင်သစ်နိုင်ငံတော်သီချင်းကိုလည်း ကွင်းအတွင်း ရုပ်သံကြီးများတွင် စာတန်းထိုးပြ၍ လိုက်ဆိုနိုင်ရန် စီစဉ်ပေးထား မည်ဖြစ်သည်။
ထို့ပြင် ဝင်ဘလေကွင်းကြီးထိပ်ဖျားရှိ သံတန်းကွေးကြီးပေါ်တွင်လည်း ပြင်သစ်အလံပါ ဖြူ၊ နီ၊ ပြာအရောင် မီးများကို ပွဲပြီးချိန်အထိ ထွန်းညှိပေးထားမည် ဖြစ်သည်။ ပြင်သစ်အသင်းသည် ယခုပွဲတွင် ဒီယာရာ၊ ဂရစ်ဇ်မန်းတို့အပါအဝင် လူစုံဖြင့် ယှဉ်ပြိုင်မည် ဖြစ်သည်။
Credit : 7Day Daily
*********************************
ရီးယဲလ်နဲ့ပွဲမတိုင်မီမက်ဆီ၁၀၀%ကြံ့ခိုင်မှုပြည့်ရန်နီးစပ်လာ
ဘာစီလိုနာကြယ် ပွင့် မက်ဆီသည် ဘာစီလိုနာ (B) အသင်းနှင့် လေ့ကျင့်နေပြီး ကြံ့ခိုင်မှု ပြည့်ဝရန် နီးစပ်နေ သည်။
စက်တင်ဘာ ၂၆ ရက်က လာပါးမက်စ်ပွဲမှစ၍ အသင်း တွင် ပါဝင်မကစားနိုင်ခဲ့သော မက်ဆီထံမှ အပြုသဘောတိုး တက်မှု လက္ခဏာများ တွေ့ရ သည်ဟု ဘာကာ (B) အသင်း နည်းပြ ဂျရက်လိုပက်ဇ်က ပြော သည်။
လာမည့် စနေနေ့ ရီးရဲလ်နှင့် ကလက်ဆီကိုပွဲကို မက်ဆီလွဲ ချော်မည်ဟု မျှော်လင့်ခဲ့ကြသော် လည်း မက်ဆီသည် အသင်းနှင့် လေ့ကျင့်နေပြီး ဒဏ်ရာမှ တိုး တက်မှုရရှိနေသည်ဟု လိုပက်ဇ် က ထုတ်ဖော်ပြောကြားသည်။
‘‘မက်ဆီလေ့ကျင့်မှု ပြီး အောင်လုပ်ခဲ့ပါတယ်။ သူ အေး ဆေးဖြစ်နေတာ တွေ့ရပြီး ဒဏ် ရာသက်သာမှုလည်း အခြေအနေ ကောင်းပါတယ်’’ ဟု လိုပက်ဇ်က ပြောကြားပြီး ၎င်းတို့အသင်းနှင့် မက်ဆီ လာရောက်လေ့ကျင့်ခဲ့ သည်ကိုလည်း ၀မ်းမြောက် ကြောင်း ၎င်းက ပြောသည်။
Credit : 7Day Daily
*********************************
အင်္ဂလန်နှင့်ပြင်သစ်ပွဲစဉ်တွင်ညီညွတ်မှုရှိကြောင်းပြသမည်
ပြင်သစ်နှင့်ကစားရမည့် ခြေစမ်းပွဲစဉ်တွင်ပါရီအကြမ်းဖက်ကြောင့် ကြောက်ရွံ့ နေမည် မဟုတ်ဘဲ ညီညွတ်မှု ရှိကြောင်း ပြသမှုကို ပြုလုပ် သွားမည်ဟု အင်္ဂလန်အသင်း နည်းပြ ဟော့ဒ်ဆန်က ဟြေကြား ခဲ့သည်။ယင်းခြေစမ်းပွဲကို လာမည့် အင်္ဂါတွင် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ ၀င်ဘလေကွင်းတွင် ကျင်းပ သွားမည် ဖြစ်ရာ ပြင်သစ်နှင့် အင်္ဂလန် အသင်းတို့သည် စည်းလုံး ညီညွတ်မှု ရှိနေကြောင်း ထုတ်ဖော် ပြသမှုများ ပြုလုပ် သွားမည် ဖြစ်သည်။ အစောပိုင်းက ခြေစမ်းပွဲကိုဖျက်သိမ်းရန်သတင်းများထွက်ပေါ်ခဲ့သော်လည်း နှစ်ဖက် ဆွေးနွေးမှု ပြုလုပ်ပြီး မူလ အစီအစဉ်တိုင်း ကစား သွားမည် ဖြစ်ကြောင်း သိရသည်။ဟော့ဒ်ဆန်က လက်ရှိ အချိန်တွင် ပြင်သစ် နိုင်ငံသားများ၏ ခံစားမှုကို နားလည်ပါကြောင်း ဟြေကြား ခဲ့သည်။
Credit – The Messenger
အောင်မြင့်မြတ်စုစည်းတင်ဆက်သည်
No comments:
Post a Comment