ယခုသီတင်းပတ်ကုန် ရက်များအတွင်း ပါရီမြို့တွင် ကျင်းပရန် စီစဉ်ထားသည့် အားကစားပြိုင်ပွဲ အားလုံးကို ပြင်သစ်အစိုးရက ဖျက်သိမ်းလိုက်သည်။
သောကြာနေ့က ပါရီမြို့တွင် ဆိုးရွားသော တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး လူ ၁၅၃ ဦးထက်မနည်း သေဆုံးကာ လူ ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။
ပြင်သစ်နှင့် ဂျာမနီအသင်းတို့ ခြေစမ်းပွဲကစားနေသည့် ပါရီမြို့ရှိ ဘောလုံးကွင်းကြီး အနီးတွင် ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့သဖြင့် ပွဲကို ခေတ္တရပ်နားခဲ့ရပြီး ပရိသတ်များကို ဘေးကင်းရာသို့ ပြောင်းရွှေ့စဉ် ၎င်းတို့က နိုင်ငံတော် သီချင်းသီဆို၍ ထွက်ခွာခဲ့ကြသည်။
ယင်းပွဲတွင် ပြင်သစ်က အာဆင်နယ် တိုက်စစ်မှူး ဂျီရော့ဒ်နှင့် လူစားဝင်လာသူ ဂစ်နက်တို့၏ သွင်းဂိုးများဖြင့် ဂျာမနီကို ၂-၀ ဂိုးဖြင့် နိုင်ခဲ့သည်။
ထိုအတောအတွင်း အင်္ဂါနေ့တွင် ၀င်ဘလေကွင်း၌ ယှဉ်ပြိုင်ရန် စီစဉ်ထားသော အင်္ဂလန်နှင့် ပြင်သစ်ခြေစမ်းပွဲကို ဖျက်သိမ်းရန် သေချာသလောက် ရှိနေသည် ဟု Yahoo Sport သတင်းထောက်က သတင်းပေးပို့သည်။
ယင်းတိုက်ခိုက်မှုများ ပြီးနောက် ဂျာမနီအသင်းသားများ ဘောလုံးကွင်းထဲတွင် တစ်ညတာ ကုန်ဆုံးခဲ့ရသည်။
တိုက်ခိုက်မှုများနှင့် ပတ်သက်၍ ၀မ်းနည်း ထိတ်လန့်မိကြောင်း ဥရောပဘောလုံး အဖွဲ့ချုပ် ယူအီးအက်ဖ်အေက ကြေညာသည်။
အင်္ဂလန်ဘောလုံး အဖွဲ့ချုပ်အနေဖြင့် အင်္ဂါနေ့တွင် ကစားမည့် ပြင်သစ်နှင့် ခြေစမ်းပွဲအတွက် ပြင်သစ်ဘောလုံး အဖွဲ့ချုပ်နှင့် ဆွေးနွေးသွားမည်ဖြစ်သည်။
တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲ၏ ဘေးကင်းလုံခြုံမှုကို ပို၍စိတ်ပူမိကြောင်း ပြင်သစ်ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ နိုအယ်လီဂရက် က ပြောသည်။
တိုက်ခိုက်မှုများ ဖြစ်ပွားရာ နေရာ ခြောက်ခုအနက် တစ်ခုဖြစ်သော စားသောက်ဆိုင် အနီးသို့ တိုက်ခိုက်မှုဖြစ်ချိန်က ရောက်ရှိနေသူ ခရစ္စတယ်ပဲလေ့စ် နောက်ခံလူ မာတင်ကယ်လီသည် ဘေးအန္တရာယ် ကင်းရှင်းကြောင်း အသင်းက ကြေညာသည်။
Credit : 7Day Daily
No comments:
Post a Comment