ပြီးခဲ့တဲ့သောကြာနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် ပြင်သစ်နိုင်ငံကို ယူရိုပြိုင်ပွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ဖို့သင့်/မသင့်ကို UEFA က ပြန်လည် ဆန်းစစ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
လူပေါင်း ၁၂၉ ဦးထက်မနည်း သေဆုံးခဲ့ရပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရခဲ့တဲ့ တိုက်ခိုက်မှုတွေ အပြီးမှာ အသက် ၈၂ နှစ်အရွယ် ပြင်သစ် ဂန္တဝင် ကစားသမားကြီး Just Fontaine ကတော့ အရမ်းကို အန္တရာယ်ရှိသေးတယ် လို့ ပြောပါတယ်။
"ကျွန်တော်တို့ နိုင်ငံအနေနဲ့ ဒီပြိုင်ပွဲကိုကျင်းပဖို့ လက်လျှော့သင့်တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီလိုပြိုင်ပွဲကြီးကို ကျင်းပနိုင်ဖို့ လုံခြုံမှု မရှိသေးဘူးလို့ ထင်ပါတယ်။ အရမ်း အန္တရာယ်များတယ်။ အနာဂတ်မှာ Stade de France ကွင်းထဲကလူတွေ ဘာဖြစ်သွားနိုင်တယ်ဆိုတာ ဘယ်သူမှ အာမ မခံနိုင်ပါဘူး"လို့ ၁၉၅၈ ကမ္ဘာ့ဖလား ဂိုးသွင်းစံချိန်ရှင် Fontaine က အကြံပေးပါတယ်။
အသေခံဗုံးခွဲသမား သုံးယောက်ဟာ ပြင်သစ်အသင်းနဲ့ ဂျာမနီအသင်းတို့ ချစ်ကြည်ရေး ခြေစမ်းပွဲကစားနေတဲ့ Stade de France ကွင်းဝင်ပေါက်တွေမှာ ဗုံးဖောက်ခွဲမှုတွေကို လုပ်ဆောင်ခဲ့ကြပြီး ဘောလုံးပွဲပရိသတ်တွေဟာ လုံခြုံရေး အခြေအနေကြောင့် ကွင်းထဲမှာ စောင့်ဆိုင်းနေခဲ့ရပြီး ဂျာမနီဘောလုံးအသင်း ဟာလည်း အဝတ်လဲခန်းထဲမှာပဲ တစ်ညလုံး နေထိုင်ခဲ့ရပါတယ်။
ဒါပေမယ့်လည်း UEFA ကတော့ "ပါရီမြို့မှာ ထိတ်လန့်ဖွယ်ရာ အဖြစ်အပျက်တွေကို ကြုံခဲ့ရပါတယ်။ UEFA နဲ့ ပြိုင်ပွဲကျင်းပရေး ကော်မတီကတော့ လုံခြုံရေးအစီအစဉ်တွေကို ကြပ်မတ် လုပ်ဆောင်သွားမှာဖြစ်ပြီး ပြိုင်ပွဲကို မူလအစီအစဉ်အတိုင်းပဲ ကျင်းပသွားမှာပါ"လို့ ကျင်းပရေးကော်မတီက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ယူရိုပြိုင်ပွဲကိုတော့ ပြင်သစ်နိုင်ငံမှာ ၂၀၁၆ ဇွန်လ ၁၀ ရက်နေ့ကနေ ဇူလိုင်လ ၁၀ ရက်နေ့အထိ တစ်လကြာ ကျင်းပသွားမယ်လို့ သိရပါတယ်။
Credit : Thithtoolwin
No comments:
Post a Comment