ကုလသမဂ္ဂ က လေးငယ်များ ရန်ပုံငွေအဖွဲ့ (ယူနီဆက်)အတွက် ရန်ပုံငွေ ထူထောင်ရေး ဘောလုံးကြယ်ပွင့်ဟောင်းများ နှစ်သင်းခွဲ၍ အိုးထရက်ဖို့ဒ် ကွင်းတွင် ယှဉ်ပြိုင်ရာ မန်ယူနည်းပြဟောင်း ဖာဂူဆန်နှင့် ရီးရဲလ်နည်းပြဟောင်း အန်ဆယ်လော့တီတို့က တစ်သင်းစီ ကြီးကြပ်ခဲ့ကြပြီး ဒေးဗစ်ဘက်ခမ်း ၏ နေရာတွင် သားဖြစ်သူ ဘရွတ်ကလင်းက လူစားလဲ ကစားခဲ့သည်။
ယင်းပွဲတွင် ပြင်သစ်ဂန္ထ၀င် ကစားသမားများဖြစ်ကြသော ဇီဒန်းနှင့် ဗီအဲရားတို့ ပါဝင်ခြင်း မရှိခဲ့ပေ။
ပါရီမြို့တွင် လူ ၁၂၉ ဦး သေဆုံးသည့် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ယင်းရန်ပုံငွေ ဘောလုံးပွဲမှ ၎င်းတို့နှစ်ဦး နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။
ယင်းပွဲတွင် ဘက်ခမ်းပါဝင်သော အသင်းကို ဖာဂူဆန်က နည်းပြအဖြစ် တာဝန်ယူခဲ့ပြီး အန်ဆယ်လော့တီ တာဝန်ယူသော အသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ယင်းပွဲပြီးနောက် နည်းပြကြီး ဖာဂူဆန်က ရီးရဲလ်နည်းပြဟောင်း အန်ဆယ်လော့တီကို ချီးကျူးပြီး ၎င်းသည် ကမ္ဘာ့အကောင်းဆုံး နည်းပြများအနက် တစ်ဦးဖြစ်သောကြောင့် ဘောလုံးလောက နှင့် ကြာမြင့်စွာ ဝေးကွာမနေသင့်ဟု ပြောသည်။
ဘက်ခမ်းတို့အသင်းတွင် ဂရိတ်ဗြိတိန်နှင့် အိုင်ယာလန်လက်ရွေးစင် ကစားသမားများ ပါဝင်ပြီး နောက်တစ်သင်းတွင် ကမ္ဘာ့နာမည်ကြီး ကစားသမားများ ပါဝင်သည်။
ယင်းပွဲတွင် ဘက်ခမ်း၏ ပေးပို့မှုမှတစ်ဆင့် ပေါလ်စခိုးက တစ်ဂိုး၊ မိုက်ကယ်အိုဝင်က တစ်ဂိုး သွင်းယူခဲ့သည်။
ယင်းနောက် တစ်ဖက်အသင်းက တစ်ဂိုးပြန်ချေပခဲ့ပြီး ဘက်ခမ်းတို့ အသင်းက တစ်ဂိုး ထပ်သွင်းကာ ၃-၁ ဂိုးဖြင့် နိုင်ခဲ့ခြင်းဖြစ်သည်။
ယင်းပွဲတွင် ဒေးဗစ်ဂျိမ်းစ်၊ ဖလက်ချာ၊ နီကီဘတ်၊ ဂယ်ရီန ဗီးလ်၊ ရိုင်ယန်ဂစ်၊ ပီတာခရော့ခ်ျ နှင့် အလန်စမစ်တို့က တစ်သင်း နှင့် ဗန်ဒါးဆား၊ ကာဗူး၊ ဖီဂို၊ ပီ ရက်ဇ်၊ ပက်ဂျီဆမ်၊ ဆီးဒေါ့ဖ်၊ ဘောလက်၊ ရော်နယ်ဒင်ဟို၊ဆိုးလ် ရှားစသော ဘောလုံးကြယ်ပွင့်များ ပါဝင်ခဲ့သည်။
Credit : 7Day Daily
No comments:
Post a Comment