Sunday, November 15, 2015

နာခံခြင်းအနုပညာ သို့မဟုတ် စမောလင်း

မန်ယူနည်းပြ ဗန်ဟားလ်ရဲ့ ပြင်းထန်ပြီး အထပ်ထပ်အခါခါ မောင်းနှင်တဲ့ လေ့ကျင့်ခန်းအစီအစဉ်ကို မန်ယူကစားသမား အများစု စိတ်ပျက်ကြပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာအတွင်းမှာ ဗန်ဟားလ်ကို မန်ယူ ကစားသမားတချို့ စောကတက်တဲ့ ဖြစ်ရပ်တွေတောင် ရှိခဲ့ပါတယ်။ ဒါပေမယ့် သေချာတာက အဲဒီအထဲမှာ အင်္ဂလန်နောက်ခံလူ စမောလင်း မပါဝင်ခဲ့ပါဘူး။

"ကျွန်တော်တို့ လေ့ကျင့်ရေးကွင်းမှာ နည်းစနစ်ပိုင်းကို မမောမပန်းနိုင် လေ့ကျင့်ပါတယ်"လို့ စမောလင်းက ပြောပါတယ်။ "ကျွန်တော်တို့ ကိုယ့်ရဲ့နေရာ ၊ ကိုယ့်ရဲ့ အခန်းကဏ္ဍကို နားလည်ဖို့ 11 Vs 11 လေ့ကျင့်ပါတယ်။ ဒါကြောင့် ကစားသမားတိုင်းက ကွင်းထဲရောက်တဲ့အခါ ဘယ်သူက ဘာလိုချင်ပြီး ဘာကို မျှော်လင့်သလဲဆိုတာ သိရှိနေပါတယ်။ ဒီတော့ ကျွန်တော်တို့ ဘာလုပ်ဖို့ လိုအပ်သလဲဆိုတာ ရှင်းရှင်းလင်းလင်း သိနေပါတယ်။ နည်းပြတိုင်းနဲ့ ကျွန်တော် အလုပ်တွဲလုပ်ခဲ့ပါတယ်။ အထူးသဖြင့် ဗန်ဟားလ်ကတော့ ကျွန်တော့်ကို ကူညီပေးပါတယ်"လို့ စမောလင်းက ဆိုပါတယ်။

စမောလင်းရဲ့ တိုးတက်မှုကို ဒတ်ခ်ျနည်းပြ ဗန်ဟားလ် လက်ထက်မှာ အောင်မြင်တဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်နေပါတယ်။ ဒဏ်ရာနဲ့ အလွဲအချော်များတဲ့ စမောလင်းရဲ့ မန်ယူကစားသမားဘ၀ အစပိုင်းဖြစ်ရပ်တွေက တစ်ခန်းရပ်သွားပါတယ်။ ပြီးခဲ့တဲ့ရာသီ မန်ချက်စတာဒါဘီက ရူးမိုက်တဲ့ အနီကတ်တွေအတွက် စမောလင်းအပေါ် မကျေနပ်မှုတွေကိုလည်း ပရိသတ်တွေက ပြည်ဖုံး ကားချလိုက်ပါပြီ။ စမောလင်းက မန်ယူရဲ့ အဓိကသော့ချက် ကစားသမား ဖြစ်လာပါတယ်။

မန်ယူအသင်း ပြိုင်ပွဲစုံမှာ (၅၅၅)မိနစ် Clean Sheet ရခဲ့ရာမှာ မန်ယူခံစစ် တံတိုင်းကို ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ မန်ယူခံစစ်မှာ Full Back တွေ မတည်ငြိမ်ဘူး။ Center Back မှာလည်း စမောလင်း တွဲကန်ရမယ့်သူက ဘလင်းလား ၊ဖီးလ်ဂျုံးစ်လား ခန့်မှန်းမရအောင် အပြောင်းအလဲများပါတယ်။ ဒါပေမယ့် မန်ယူခံစစ်က တည်ငြိမ်နေပါတယ်။

ဒီတော့ခံစစ်မှာ တစ်ဦးတည်း အမာခံကစားနေတဲ့ စမောလင်းရဲ့ စွမ်းရည်က မန်ယူခံစစ် တည်ငြိမ်ခြင်းရဲ့ အကြောင်းပြချက် ဖြစ်လာပါတယ်။ မန်ယူ အသင်းခေါင်းဆောင် ရွန်နီကတော့ စမောလင်းဟာ ကမ္ဘာ့ထိပ်တန်း ခံစစ်သမား(၃)ဦးစာရင်း ပေါက်နေပြီလို့ ချီးကျူးခဲ့ပါတယ်။

စမောလင်းဟာ အင်္ဂလန်အသင်းမှာ ဖာဒီနန်-တယ်ရီ အတွဲပျက်သွားတဲ့ နောက်ပိုင်း အမာကျောဆုံး ခံစစ်ကျောက်ဆောင် ဖြစ်လာပါတယ်။ စမောလင်းရဲ့ ဖူလ်ဟမ် အသင်းဖော်ဟောင်း ကွန်ချက်စကီးက စမောလင်း တိုက်းတက်မှုမှာ အင်္ဂလန်နည်းပြ ရွိုင်းဟော့ဒ်ဆန်က စမောလင်းကို ယုံကြည်မှုရှိပြီး မန်ယူအသင်းမှာ ပုံမှန်ခြေစွမ်းမရချိန် ညာနောက်ခံလူအဖြစ် ကစားရချိန် နေရာပျောက်ဆုံးနေချိန်မှာတောင် ရွေးချယ်ခဲ့တဲ့ မှတ်တမ်းတွေ တွေ့ရပါတယ်။

အင်္ဂလန်အသင်းမှာ ပုံမှန်အရွေးချယ်ခံရပြီး ရွိုင်းဟော့ဒ်ဆန်ရဲ့ နည်းလမ်းတွေနဲ့ လေ့ကျင့်ခွင့် ရခဲ့တာကြောင့် စမောလင်း အလျင်အမြန် တိုးတက်လာခဲ့တယ်လို့ ကွန်ချက်စကီးက သုံးသပ်ပါတယ်။

စမောလင်း ဖြတ်သန်းလာတဲ့ ကစားသမားဘ၀ကို ကြည့်ရင် သူက ပါရမီရှင်တစ်ဦး မဟုတ်တာ သေချာပါတယ်။ ထိုထက်သာမက အားနည်းချက်များပြီး အမှားများစွာ ကျူးလွန်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် စမောလင်းက အမှားက သင်ခန်းစာယူမှု အရမ်းကောင်းပါတယ်။ မှားရာက ပျက်သွားတာမဟုတ်ဘဲ တဖြည်းဖြည်းချင်း တိုးတက်လာခဲ့ပါတယ်။

မန်ယူအသင်းနဲ့ ပထမဆုံး ပွဲထွက်တဲ့ရာသီမှာ စမောလင်းရဲ့ လူပေးမှားမှုက တစ်ပွဲပျမ်းမှ (၆ ဒဿမ  ၈)ကြိမ် ရှိခဲ့တယ်။ ၂၀၁၃-၁၄ မှာ (၅ ဒဿမ ၄) ကြိမ် ဖြစ်လာခဲ့ပြီး ၂၀၁၄-၁၅ မှာ (၃ ဒဿမ ၂) ကြိမ်ကို ကျင်ဆင်းလာပါတယ်။ ဒီရာသီမှာတော့ (၂ ဒဿမ ၇) ကြိမ်သာ ရှိပါတော့တယ်။

လူငယ်ဘ၀မှာ စားပွဲထိုးအလုပ်နဲ့ အချိန်ပိုင်းဘောလုံးသမား တွဲလုပ်ခဲ့တဲ့ စမောလင်းဟာ ဒီနေ့မှာတော့ အင်္ဂလန် လက်ရွေးစင်အသင်းရဲ့ ရှားပါးတဲ့ နောက်ခံလူမျိုးဆက် ဖြစ်လာခဲ့ပါတယ်။ စမောလင်းကို ဒီအဆင့်ရောက်အောင် တွန်းပို့ပေးခဲ့တဲ့ အချက်တွေထဲမှာ နာခံတတ်မှုက အဓိကကျပါတယ်။

စမောလင်းလက်ဦးဆရာ အလန်ဝေါ်ကာက "စမောလင်းက သူ့ကိုပြောရင် ပြောတဲ့အတိုင်း လုပ်ပါတယ်။ ချာတိတ်ရဲ့ စိတ်နေ သဘောထားက အရမ်းကောင်းပါတယ်" လို့ပြောပါတယ်။ အပျော်တမ်းကလပ် မိတ်စတုန်းမှာ စမောလင်း (၁၆) ပွဲကစားပြီးချိန်မှာ ပရီးမီးယားလိဂ်ကလပ် ဖူလ်ဟမ်အသင်းက ပြောင်းရွှေ့ကြေး ပေါင် တစ်သောင်းနဲ့ ခေါ်သွားတယ်။ ဖူလ်လမ်အသင်းမှာ ဆယ်ပွဲဝန်းကျင် ပွဲထွက်ပြီးချိန်မှာ စမောလင်းက တန်ကြေး ပေါင်ဆယ်သန်း ဖြစ်သွားပါတယ်။

မန်ယူအသင်းက ၂၀၁၀ မှာ စာချုပ်လိုက်ပါတယ်။ ဒီနေ့မှာ အလားအလာရှိတဲ့ အဲဗာတန်နောက်ခံလူ ဂျွန်စတုန်းကို ပေါင်သန်း ၄၀ နဲ့တောင် ၀ယ်လို့ မရပါဘူး။ မန်စီးတီးက ပုံမှန်ခြေစွမ်းထက် နည်းနည်းပဲ ပိုတဲ့ အော်တာမန်ဒီနဲ့ မန်ဂါလာကို ပေါင်သန်း (၃၅)သန်းနဲ့ သန်း(၄၀) ပေးဝယ်ခဲ့ရပါတယ်။ ဒါကို အင်္ဂလန် နောက်ခံလူလည်းဖြစ် အသက်အရွယ်အရလည်း ၂၅ နှစ်နဲ့ အကောင်းဆုံးအချိန် ရောက်နေတဲ့ စမောလင်းက တန်ကြေးဘယ်လောက် ရှိသွားမလဲဆိုတာ တွက်ဆရခက်သွားပါပြီ။

စမောလင်းက အချိန်တိုင်း တိုးတက်နေပြီး ရင့်ကျင်သန်မာတဲ့ နောက်ခံလူ ဖြစ်လာပါတယ်။ မန်ယူ ဂန္တ၀င်နည်းပြ ဖာဂူဆန်ကတော့ ချန်ပီယံဗိုလ်လုပွဲမှာ နှစ်ကြိမ်တိုင်တိုင် ရှုံးနိမ့်ခဲ့တဲ့ ဘာစီလိုနာအသင်းနဲ့ မကျေပွဲ ပြန်ကစားခွင့် ရခဲ့မယ်ဆိုရင် ဘာစီလိုနာ အသင်းရဲ့ ကမ္ဘာကျော်တိုက်စစ်မှုး မက်ဆီကို ထိန်းချုပ်ဖို့အတွက် စမောလင်းကို ရွေးချယ်မိလိမ့်မယ်လို့ ပြောသွားခဲ့ပါတယ်။

Credit : Premier Eleven

No comments:

Post a Comment