Thursday, November 26, 2015

ဗန်ဂါးကို၁၀ရက်အတွင်း၃ပွဲနိုင်ဖူးကြောင်း

လက်စတာအသင်းနည်းပြ ရာနီရေရီက မိမိအနေဖြင့် မန်ယူအသင်းနည်းပြ ဗန်ဂါးလ်ကို စပိန်မြေတွင် ( ၁၀) ရက်အတွင်း (၃)ပွဲ အနိုင်ရခဲ့ဖူးကြောင်း ပြောကြားခဲ့သည်။ မန်ယူနှင့် လက်စတာ အသင်းတို့သည် ယခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရမည် ဖြစ်ပြီး ယင်းပွဲမတိုင်မီရာနီရေရီကစိတ်ဓာတ်စစ်ဆင်ရေး ပြုလုပ်သည့်အနေဖြင့် ယခုကဲ့သို့ဆိုခဲ့ခြင်း ဖြစ်သည်။ ဗန်ဂါးလ်နှင့် ရာနီရေရီတို့သည် စပိန်မြေတွင် ပြိုင်ဘက်များဖြစ်ခဲ့ပြီး ဗန်ဂါးလ်က ဘာစီလိုနာ၊  ရာနီရေရီက ဗလန်စီယာ အသင်းများကို ကိုင်တွယ်ခဲ့ခြင်း ဖြစ်သည်။ ၁၉၉၉ ကိုပါအမေရိက ကွာတားပွဲ ရာနီရေရီ ကိုင်တွယ်သည့် ဗလန်စီယာက ဗန်ဂါးလ် ကိုင်တွယ်သည့် ဘာစီလိုနာကို အနိုင်ယူပြီးနောက် ချန်ပီယံဆု ရရှိသွားခဲ့ခြင်း ဖြစ်သည်။ ရာနီရေရီက မိမိအနေဖြင့် ဗန်ဂါးလ်ကို အနိုင်ရသည့် အကြောင်း မှတ်မိနေဆဲ ဖြစ်ကြောင်း၊ ဘာစီလိုနာကို စပိန်ဘုရင့်ဖလား ကွာတားဖိုင်နယ်တွင် ရင်ဆိုင်ခဲ့ရပြီး နှစ်ကျော့စလုံး အနိုင်ရခဲ့သည့်အပြင် လာလီဂါတွင်လည်း ထပ်မံ အနိုင်ရခဲ့ကြောင်း၊ ထို့ပြင် မိမိတို့သည် စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲကို တက်ရောက်ခဲ့ပြီး အက်သလက်တီကို အသင်းကို အနိုင်ရကာ ချန်ပီယံဆု ရယူနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ လက်စတာ အသင်းသည် အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ဦးဆောင်နေပြီး မန်ယူနှင့်ရင်ဆိုင်ရမည့် ပွဲစဉ်သည် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရမည် ဖြစ်ကြောင်း ရာနီရေရီက ပြောကြားခဲ့သည်။
Credit – The Messenger

No comments:

Post a Comment