Thursday, November 5, 2015

ဘိုင်ယန်၊ ဘာစီလိုနာတို့ ဂိုးပြတ်နိုင်ပွဲများ ရရှိခဲ့သည့် ချန်ပီယံလိဂ် ပွဲစဉ်များ

နိုဝင်ဘာ ၄ ရက် ညပိုင်းက ကစားခဲ့သည့် ချန်ပီယံလိဂ် ပွဲစဉ်များတွင် ဘိုင်ယန်မြူးနစ်က အာဆင်နယ်ကို ရလဒ် ပြတ်သားစွာဖြင့် အနိုင်ရခဲ့ပြီး ပြည်တွင်းပွဲစဉ်များတွင် ရုန်းကန်နေရသည့် ချယ်လ်ဆီးလည်း အိမ်ကွင်းတွင် အောင်ပွဲခံနိုင်ခဲ့သည်။ လက်ရှိ ချန်ပီယံ ဘာစီလိုနာလည်း အိမ်ကွင်းတွင် သက်တောင့်သက်သာ အနိုင်ကစားသွားသည်။

ဘိုင်ယန်မြူးနစ် ၅ - ၁ အာဆင်နယ်

ပထမအကျော့ လန်ဒန်မြေတွင် ရှုံးနိမ့်ထားသည့် အကြွေးကို ဂျာမန်ချန်ပီယံ ကလပ်က အတိုးရော၊ အရင်းပါ ပေါင်း၍ ဆပ်သွားခဲ့သည်။ ပွဲချိန် ၉ မိနစ်တွင် ကွင်းလယ်မှ သီယာဂို အယ်လ်ကန်ထရာ ခုပ်တင်ပေးလိုက်သည့်
ဘောလုံးကို ရောဘတ် လီဝင်ဒေါစကီးက လူကျွံထောင်ချောက်ကို ဖောက်ထွက်သွားပြီး လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ကာ ဦးဆောင်ဂိုး သွင်းယူခဲ့သည်။ ပွဲချိန် ၁၁ မိနစ်တွင် အာဆင်နယ်အတွက် မီဆွတ်အိုဇေးလ် ချေပဂိုး သွင်းခဲ့သော်လည်း ဘောလုံးကို လက်နှင့်ပုတ်ခဲ့ခြင်းကြောင့် ဒိုင်က ခွင့်မပြုဘဲ အိုဇေးလ်ကို အဝါကတ်ပြား ပြသခဲ့သည်။ ၂၉ မိနစ်တွင် ဘိုင်ယန်က ဒုတိယဂိုး ထပ်သွင်းသည်။ ဖိလစ်လမ်း ထောင့်ဖြတ် ကန်တင်ပေး လိုက်သော ဘောလုံးကို ကင်စလေ ကိုးမန်း ပိတ်သွင်းရန် ကြိုးစားသော်လည်း ချော်ထွက်လာချိန်တွင် သောမတ်စ် မူလာက ဝင်ကန်သွားခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ပွဲချိန် အတော်များများတွင် ဘိုင်ယန်ကသာ ဖိကစားနေပြီး အာဆင်နယ် ဂိုးသမား ပီတာဆက်ခ်ျ ဆက်တိုက် ကာကွယ် တားဆီးနေရသည်။ အထူးသဖြင့် အာဆင်နယ် ခံစစ်သည် မူလာနှင့် လီဝင်ဒေါစကီးကို မထိန်းချုပ်နိုင်ဘဲ တောက်လျှောက် ရုန်းကန်ခဲ့ရသည်။ ပထမပိုင်း ပြီးခါနီးတွင်  အာဆင်နယ် ခံစစ်သမား နှစ်ဦးကြားမှ ဖောက်ထွက်ကာ ဧရိယာ အပြင်ဘက် ဘီးကုပ်ထိပ်နားမှ ပြင်းထန်အားပါသည့် အဝေးကန်ချက်ဖြင့် ဒေးဗစ်အလာဘာက ဘိုင်ယန်အတွက် တတိယဂိုးကို သွင်းယူသွားသည်။ ၅၄ မိနစ်တွင် ဘိုင်ယန်၏ ဘယ်ခြမ်း တိုက်စစ်တွဲလုံးမှ အလာဘာ ဆွဲယူလာပြီး ချိုးပေးသည်ကို လူစားဝင် ကစားသမား အာဂျန်ရော်ဘင်က ဧရိယာထဲတွင် အပိုင်ပိတ်သွင်းပြီး အိမ်ရှင်အသင်း လေးဂိုးပြတ် ဦးဆောင်သည်။ ၆၈ မိနစ်တွင် အာဆင်နယ် ဘယ်ခြမ်းမှ အလက်ဆစ် ဆန်းချက်ဇ် ကန်တင်ပေးသော ဘောလုံးကို တိုက်စစ်မှူး အိုလီဗီရာ ဂီရော့ဒ်က ရင်ဘတ်ဖြင့် တစ်ချက်တားယူကာ လှလှပပ ကန်သွင်းပြီး သိက္ခာဆယ် ချေပဂိုးတစ်ဂိုး ရရှိခဲ့သည်။ ပွဲပြီးခါနီးတွင် တန်ပြန်တိုက်စစ်မှတစ်ဆင့် ဒေါက်ဂလက်စ် ကော်စတာ မျှောထုတ်ပေးလိုက်သည့် ဘောလုံးကို မူလာက ထောင့်ကျဉ်းထဲ ကန်သွင်းပြီး ရယူခဲ့ခြင်းကြောင့် ဘိုင်ယန်တို့ ပဉ္စမဂိုး ရရှိပြီး ၅-၁ ဖြင့် ပွဲသိမ်းခဲ့သည်။



ချယ်လ်ဆီး ၂ - ၁ ဒိုင်နမိုကိယက်ဗ်

လတ်တလော ခြေစွမ်းပြနေသည့် ဝီလျံ၏ ကယ်တင်မှုကြောင့် အင်္ဂလန် ပရီးမီးယားလိဂ် ချန်ပီယံ အသင်းသည် ယူကရိန်းကလပ်ကို အိမ်ကွင်းတွင် အနိုင်ရရှိသွားခဲ့သည်။ ၃၃ မိနစ်တွင် ညာခြမ်းမှ ဝီလျံ အနိမ့် ဖြတ်ပို့သည့် ဘောလုံးကို ဒိုင်နမို နောက်ခံလူ အလက်ဇန္ဒား ဒရာဂိုဗစ် ခေါင်းတိုက်ဖျက်ထုတ်ရန် ကြိုးစားရင်း ကိုယ့်ဂိုးကိုယ် သွင်းမိမှုကြောင့် ချယ်လ်ဆီးတို့ ဦးဆောင်ဂိုး ရရှိခဲ့သည်။ ၇၇ မိနစ်တွင်မူ ဒိုင်နမို အသင်း၏ ထောင့်ကန်ဘောကို ဂိုးသမား သီဘောက် ကော်တွိုက်စ် ဆုံးဖြတ်ချက် မှားယွင်းစွာ ရှေ့တက် ကာကွယ်ခဲ့ရာမှ ဒရာဂိုဗစ်က အပိုင်ကန်သွင်းပြီး ၎င်း၏ အမှားကို ချေဖျက်သွားခဲ့သည်။ ယခုပွဲ အနိုင်မရလျှင် မဖြစ်သည့် အနေအထားကြောင့် ဖိအားဝင်သွားသည့် ချယ်လ်ဆီးအတွက် သူရဲကောင်းမှာ ဝီလျံ ဖြစ်လာသည်။ ၈၂ မိနစ်တွင် ၎င်း၏ လှပသည့် တာဝေး ပြစ်ဒဏ်ဘော ကန်ချက်က ဂိုးသမား မည်သို့မျှ လက်လှမ်းမမီသည့် ဂိုးတိုင်အပေါ်ထောင့်ထဲ ဝင်သွားပြီး ချယ်လ်ဆီးတို့ အဖိုးတန် သုံးမှတ် အပြည့်အဝ ရရှိခဲ့သည်။



ဘာစီလိုနာ ၃ - ၀ ဘိတ်ဘိုရီဆော့ဗ်

အိမ်ကွင်း နူးကမ့်တွင် ကစားရသည့် ပွဲစဉ်၌ လက်ရှိ ချန်ပီယံ ဘာစီလိုနာက ဘီလားရုစ် အသင်းငယ် ဘိတ်ကို သက်တောင့်သက်သာပင် အနိုင်ယူသွားခဲ့သည်။ ပွဲချိန် မိနစ် ၃၀ တွင် ဘာစီလိုနာ၏ ညာခြမ်း တွဲလုံးဖြင့် ထိုးဖောက်လာရာ လူငယ်တိုက်စစ်မှူး မူနာ ဟက်ဒါဒီကို ဘိတ်ခံစစ်ကြောင်းက ဆွဲလှဲသဖြင့် ပင်နယ်တီ ပေးရသည်။ အဆိုပါ ပင်နယ်တီကို နေမာက အမှားအယွင်းမရှိ ကန်သွင်းပြီး ပွဲကို ဦးဆောင်ခဲ့သည်။ ၅၉ မိနစ်တွင် တန်ပြန်တိုက်စစ်မှတစ်ဆင့် နေမာ ဆွဲပြေးလာပြီး အလယ်ထဲ ချိုးပေးသည့် ဘောလုံးကို လူးဝစ်ဆွာရက်ဇ်က ကန်သွင်းပြီး ဒုတိယဂိုး ရရှိခဲ့ပြန်သည်။ ၈၂ မိနစ်တွင် တန်ပြန် တိုက်စစ်မှပင် ဘာစီလိုနာတို့ အပိတ်ဂိုး ထပ်သွင်းခဲ့သည်။ ညာခြမ်းမှ ဆွာရက်ဇ် ဆွဲပြေးလာပြီး အလိုက်သင့် မျှောပေးသည်ကို နေမာက အလိုက်သင့် ပိတ်သွင်းပြီး စပိန်ကလပ်က ၃-၀ ဖြင့် အောင်ပွဲခံခဲ့သည်။



ရိုးမား ၃ - ၂ ဘေယာလေဗာကူဆင်

ပထမအကျော့ ဂျာမနီမြေတွင် နှစ်သင်းပေါင်း ရှစ်ဂိုးသွင်းပြီး သရေကျခဲ့သလို ယခုပွဲတွင်လည်း သွင်းဂိုး များများဖြင့် အကြိတ်အနယ် ရှိခဲ့သည်။ ပွဲအစ ၁ မိနစ်ကျော်တွင်ပင် အိမ်ရှင် ရိုးမားက ဦးဆောင်ဂိုး သွင်းယူသည်။
လေဗာကူဆင်အသင်း တက်ဖိရာမှ ကျွံထွက်လာသည့် ဘောလုံးကို အီဒင်ဂျက်ကိုနှင့် အပေးအယူလုပ်ပြီး တောင်ပံတိုက်စစ်မှူး မိုဟာမက် ဆာလားက တစ်ကိုယ်တော် ဆွဲပြေး ကန်သွင်းခဲ့ခြင်း ဖြစ်သည်။ ၂၈ မိနစ်တွင် ရိုးမား ကွင်းလယ်မှ ရက်ဒ်ဂျာ နိုင်ဂိုလန် ပါးပါးနပ်နပ် မျှောထုတ်ပေးလိုက်သည့် ဘောလုံးကို ဂျက်ကိုက ဆွဲပြေးပြီး ဂိုးသမားနှင့် တစ်ဦးချင်း အတွေ့တွင် သွေးအေးအေး အဆုံးသပ်ကာ ရိုးမားတို့ ၂-၀ ဖြင့် ပွဲကို ဦးဆောင်လာသည်။ ဒုတိယပိုင်း ပြန်စပြီး ချက်ချင်းလိုလိုပင် ကီဗင်ကမ့်ပဲလ် ထိုးဖောက်လာပြီး နောက်ပြန် ချပေးလိုက်သည့် ဘောလုံးကို အက်ဒ်မာ မာမေဒီက အပြင်းကန်သွင်းကာ ဂျာမန်ကလပ်က ချေပဂိုး ပြန်လည် ရယူခဲ့သည်။ မိနစ် ၅၀ တွင် ကီဗင် ဘီလာရာဘီ ခင်းပေးသော ဘောလုံးကို ဟာဗီးယား ဟာနန်ဒက်ဇ်က ကန်သွင်းယူသဖြင့် နှစ်ဂိုးစီ သရေ ဖြစ်လာသည်။ ပွဲချိန် ၇၉ မိနစ်တွင် ရိုးမားမှ ဆာလား၏ အပိုင်ဂိုးသွင်းခွင့်ကို တွန်းထိုး တားဆီးခဲ့သည့် လေဗာကူဆင် ခံစစ်မှူး အိုမာတ်ေပ်ရက်ခ် အနီကတ် ထိခဲ့သလို ရိုးမားကိုလည်း ဒိုင်က ပင်နယ်တီ ကန်ခွင့် ပြုခဲ့သည်။ အဆိုပါ ပင်နယ်တီကို ကွင်းလယ်လူ မီရာလမ် ယာနစ်ခ်ျက အပိုင်ကန်သွင်းပြီး အိမ်ရှင်တို့ နိုင်ပွဲရယူသွားခဲ့သည်။

အခြားပွဲစဉ်များတွင် ဂျန့်က ဗလန်စီယာကို ၁-၀ ဖြင့်လည်းကောင်း၊ အိုလံပီယာကော့စ်က ဒိုင်နမို ဇာဂရက်ဘ်ကို ၂-၁ ဖြင့်လည်းကောင်း အိမ်ကွင်းနိုင်ပွဲများ အသီးသီး ရရှိခဲ့သည်။ အိုလံပစ် လိုင်ယွန်မှာမူ ဇင်းနစ်စိန့်ပီတာစဘက်ကို ၂-၀ ရလဒ်ဖြင့် လည်းကောင်း၊ မက္ကာဘီ တဲလ်အဗစ်ဗ်ကမူ ပေါ်တိုအသင်းကို ၁-၃ ဖြင့်လည်းကောင်း အိမ်ကွင်း၌ ရှုံးပွဲတွေ့သွားခဲ့ကြသည်

credit-7daydaily
အောင်မြင့်မြတ်

No comments:

Post a Comment