Thursday, November 19, 2015

မြန်မာနေရှင်နယ်လိဂ် အပြောင်းအရွှေ့ကာလ သတ်မှတ်

၂၀၁၆ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေး ဘောလုံးပြိုင်ပွဲအတွက် ပထမအကျော့ ကစားသမားခေါ်ယူမှု အပြောင်းအရွှေ့ကာလကို ၂၀၁၅ နိုဝင်ဘာ ၁ ရက်မှ ၂၀၁၆ ဇန်နဝါရီ ၈ ရက်အထိ သတ်မှတ်ထားကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ လိဂ်ပြိုင်ပွဲ ကျင်းပရေးကော်မတီမှ သတင်းရရှိသည်။

ထို့အပြင် ၂၀၁၆ မြန်မာလိဂ်ပြိုင်ပွဲကို ဇန်နဝါရီ ၉ ရက်မှ သြဂုတ်ကုန်အထိ ကျင်းပသွားရန် ယေဘုယျ သတ်မှတ်ထားသော်လည်း အိမ်ကွင်း လက်ခံကျင်းပမည့် အသင်းများ ထပ်မံတိုးလာဖွယ် ရှိသောကြောင့် ပွဲစဉ်ဇယားကို အတည်တကျ ထုတ်ပြန်နိုင်သေးခြင်း မရှိကြောင်း မြန်မာလိဂ် ပြိုင်ပွဲကျင်းပရေး ကော်မတီဌာနမှ Chief Operation Officer ဦးစိုးမိုးကျော်က ပြောသည်။

၂၀၁၆ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ချင်း၊ ဆောက်သမ်းမြန်မာ၊ ဇေယျာရွှေမြေ၊ ဇွဲကပင်၊ မကွေး၊ ရန်ကုန်၊ ရခိုင်၊ ရတနာပုံ၊ ကမ္ဘောဇ၊ Horizon FC၊ ဟံသာဝတီ၊ ဧရာဝတီ စသည့် စုစုပေါင်းပြိုင်ပွဲဝင် ၁၂ သင်းကို အိမ်ကွင်း၊ အဝေးကွင်းစနစ်ဖြင့် ယှဉ်ပြိုင်စေမည် ဖြစ်သည်။

အထက်ပါ အသင်းများအနက် ရတနာပုံ၊ ဧရာဝတီ၊ ရန်ကုန်၊ ကမ္ဘောဇနှင့် ဇေယျာရွှေမြေတို့က အိမ်ကွင်းအဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး တန်းတက် ဆောက်သမ်းမြန်မာ အသင်းသည်လည်း ပထမအကျော့အမီ အိမ်ကွင်း လက်ခံကျင်းပနိုင်ရန် မော်လမြိုင်မြို့ရှိ အားကစားကွင်းအား ပြုပြင်မှုများ ပြုလုပ်လျက်ရှိသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ၂၀၁၆ နှစ်ကုန်ပိုင်း၌ ကျင်းပမည့် ဒေသတွင်း အဆင့်မြင့်ဆုံး ပြိုင်ပွဲတစ်ခုဖြစ်သည့် ဆူဇူကီးဖလား ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အသင်း လေ့ကျင့်ချိန် ပိုမိုရရှိစေရန် ပြည်တွင်းအမှတ်ပေး ပြိုင်ပွဲကို ယခင်ကထက်စော၍ ကျင်းပမည်ဖြစ်သည်။

Credit : 7Day Daily
author-aung myint myat

No comments:

Post a Comment