Monday, November 16, 2015

မြန်မာ-ကူဝိတ်ပွဲစဉ်သတ်မှတ်ရက်အတွင်းမကျင်းပဖြစ်ခြင်းသာဖီဖာပြော

ကူဝိတ်လက်ရွေးစင် အသင်းကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က ၂၀၁၈ ကမ္ဘာ့ဖလားအာရှဇုန် ဒုတိယအဆင့်ခြေစစ်ပွဲများ ဆက်လက် ယှဉ်ပြိုင်ခြင်းမပြုရန် ပြစ်ဒဏ် ချမှတ်ထားပြီး ဖြစ်သော်လည်း မြန်မာနှင့်ယှဉ်ပြိုင်ရမည့် ကူဝိတ်ပွဲစဉ်ကို ရွှေ့ဆိုင်းလိုက်ကြောင်းကိုသာ ဖီဖာမှ အကြောင်းပြန်ခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သတင်းရရှိသည်။

‘‘မြန်မာ-ကူဝိတ်ပွဲကို သတ်မှတ်ထားတဲ့ရက် (နိုဝင်ဘာ ၁၇ ရက်) မကျင်းပဖြစ်တဲ့ အကြောင်းကိုပဲ ဖီဖာက အကြောင်းပြန်လာတယ်။ ဒါကြောင့်ပဲ မြန်မာအသင်းက တောင်ကိုရီးယားပွဲအပြီး မြန်မာနိုင်ငံကို တိုက်ရိုက် ပြန်လာခဲ့ရတာပါ။ ဘယ်နေ့မှာ ပြန်ပြီး ကျင်းပဖြစ်မယ် ဆိုတာလည်း အကြောင်းကြားစာမှာ ပါမလာခဲ့ဘူး။ နိုဝင်ဘာ ၁၇ ရက် နောက်ပိုင်းမှ သိရမယ် ထင်ပါတယ်’’ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးတင်အောင်က ပြောသည်။

ကူဝိတ်လက်ရွေးစင် အသင်းသည် ၂၀၁၈ ကမ္ဘာ့ဖလားအာရှဇုန် ဒုတိယအဆင့်ခြေစစ်ပွဲတွင် အုပ်စု(ဆ)၌ မြန်မာ၊ တောင်ကိုရီးယား၊ လာအို၊ လက်ဘနွန် အသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့သည်။

မူလရေးဆွဲထားသည့် ပွဲစဉ်ဇယားအရ မြန်မာအသင်းသည် နိုဝင်ဘာ ၁၇ ရက်၌ ကူဝိတ်အသင်းနှင့် ထိုင်းနိုင်ငံတွင် (အိမ်ကွင်း) ခြေစစ်ပွဲ ဒုတိယအကျော့အဖြစ် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

သို့သော် ဖီဖာသည် ကူဝိတ်အစိုးရမှ ကူဝိတ်ဘောလုံး အဖွဲ့ချုပ်အပေါ် ၀င်ရောက်စွက်ဖက်မှုများ ရှိခဲ့သည်ဟုဆိုကာ ကူဝိတ်လက်ရွေးစင် အသင်း၏ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့် ဆက်လက် ယှဉ်ပြိုင်ခွင့် အပါအ၀င် ကလပ်အသင်းများ၏ နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ခွင့်ကို အောက်တိုဘာ ၁၄ ရက်တွင် ပြစ်ဒဏ်ချ ပိတ်ပင်ထားခဲ့သည်။

‘‘ကျွန်တော် ကြားတာတော့ ကူဝိတ်ဘောလုံးအဖွဲ့ချုပ်က ဖီဖာကို အသနားခံစာ တင်တယ်လို့လည်း ကြားတယ်။ ဒါ့ကြောင့်လည်း ဖီဖာက ပြစ်ဒဏ်ကို ပယ်ဖျက်ပေးသလိုလို လုပ်နေတာနေမှာ။ ဘောလုံးမှာ ဒါမျိုးလုပ်လို့ မရပါဘူး။ ပြတ်ပြတ်သားသား ဆုံးဖြတ်ရမှာပေါ့။ ဖီဖာက ပြစ်ဒဏ်ချမှတ်ထား ပြီးသားပဲ။ ဒါကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကလည်း သဘောထား ကြီးပြနေသလို ဖြစ်နေတယ်။ အမှန်တကယ်ဆို ပြတ်ပြတ်သားသား ဖီဖာကို မေးမြန်းသင့်တယ်’’ဟု မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်း တစ်ဦးက ပြောသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၁၈ ကမ္ဘာ့ဖလား အာရှဇုန် ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စု(ဆ)ခြောက်ပွဲ ယှဉ်ပြိုင်အပြီးတွင် တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ လေးပွဲ ရှုံးနိမ့်ထားပြီး ရမှတ်လေးမှတ်ဖြင့် အဆင့်လေးနေရာ၌ ရပ်တည်နေသည်။

ကူဝိတ်အသင်းသည် ခြေစစ်ပွဲငါးပွဲ ယှဉ်ပြိုင်အပြီးတွင် သုံးပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံးရမှတ် ၁၀ မှတ်ဖြင့် အုပ်စုတွင်း ပြိုင်ဘက် တောင်ကိုရီးယား အသင်း၏ နောက်အဆင့် (၂)နေရာတွင် ရပ်တည်နေသည်။ မြန်မာ အသင်းသည် မူလရေးဆွဲထားသည့် ပွဲစဉ်ဇယားအရ ခြေစစ်ပွဲ လက်ကျန်နှစ်ပွဲ ကစားရန်ကျန်ရှိနေသေးပြီး ကူဝိတ်အသင်းကို ထိုင်းနိုင်ငံ၌ အိမ်ကွင်းအဖြစ် လက်ခံယှဉ်ပြိုင်ရမည့် ပွဲစဉ်နှင့် လက်ဘနွန်အသင်းကို အဝေးကွင်း၌ သွားရောက် ယှဉ်ပြိုင်ရမည့်ပွဲစဉ်တို့ ဖြစ်သည်။

မူလက ဖီဖာအနေဖြင့် မြန်မာနှင့် ကူဝိတ်တို့၏ ခြေစစ်ပွဲ ဒုတိယပွဲစဉ်ကို ကစားရန် မလိုအပ်တော့ကြောင်းနှင့် ရလဒ်ပိုင်းကိုမူ ဆုံးဖြတ်ရခြင်း မရှိသေးကြောင်း အကြောင်းကြားခဲ့သည်ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ပြီးခဲ့သည့် နိုဝင်ဘာ ၁၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

Credit : 7Day Daily

No comments:

Post a Comment