Sunday, November 22, 2015

မဲခေါင်ပြိုင်ပွဲရန်ကုန်အသင်းဂိုးပြတ်နိုင်

၂၀၁၅ မဲခေါင်ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲ ပထမအဆင့် ပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက် အသင်းက လာအိုတိုယိုတာ အသင်းကို ၅-၂ ဂိုးဖြင့် ဂိုးပြတ် အနိုင်ရရှိခဲ့သည်။

နိုဝင်ဘာ ၂၂ ရက်က ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ခဲ့သည့် ယင်းပြိုင်ပွဲ ပထမအဆင့် ဒုတိယပွဲတွင် ရန်ကုန်ယူနိုက်တက် အသင်းက အဓိက ကစားသမား အစုံအလင်ဖြင့် ပွဲထွက်ခဲ့ပြီး လာအိုတိုယိုတာ အသင်းကို ပွဲချိန်ပြည့် ဖိအားပေး ကစားနိုင်ခဲ့ကာ အိမ်ကွင်း၌ ဂိုးပြတ် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ရန်ကုန်အသင်းအတွက် အနိုင်ဂိုးများကို ပထမပိုင်းတွင် နှစ်ဂိုးနှင့် ဒုတိယပိုင်းတွင် သုံးဂိုး သွင်းယူခဲ့ခြင်းဖြစ်သည်။ ပွဲချိန် ၁၄ မိနစ်နှင့် ၂၀ မိနစ်တို့တွင် အသစ်ခေါ်ယူထားသည့် ဘရာဇီးတိုက်စစ်မှူး ဒေါ့ဆန်းတို့စ်က ရန်ကုန်အသင်းအတွက် ဦးဆောင်ဂိုးများ သွင်းယူခဲ့ပြီး ပထမပိုင်းတွင် ဦးဆောင်နိုင်ခဲ့သည်။

ဒုတိယပိုင်းအစ ၄၇ မိနစ်တွင် ဧည့်သည် လာအိုတိုယိုတာ အသင်းက ပထမချေပဂိုး ရရှိခဲ့သည်။ ထို့နောက် ရန်ကုန်အသင်းက ဆက်လက် ဖိအားပေးကစားခဲ့ပြီး ပွဲချိန် ၅၀ မိနစ်တွင် ဒေးဗစ်ထန်း၊ ပွဲချိန် ၆၁ မိနစ်တွင် ကျော်ကိုကိုနှင့် ပွဲချိန် ၆၃ မိနစ်တွင် ရန်အောင်ကျော်တို့က အနိုင်ဂိုးများ ဆက်တိုက်သွင်းယူခဲ့သည်။

လာအိုတိုယိုတာအသင်းက ချေပဂိုများရရှိရန် ကြိုးစားခဲ့သော်လည်း ဒုတိယချေပဂိုးကိုသာ ပွဲချိန်မိနစ် ၉၀ တွင်ရရှိခဲ့ပြီး ရန်ကုန်အသင်းကို ဂိုးပြတ် အရှုံးပေးခဲ့ရသည်။ ရန်ကုန်အသင်းသည် ပထမအဆင့် နောက်ဆုံးပွဲအဖြစ် နိုဝင်ဘာ ၂၉ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ ဘိုယန်ကျပ်အန်ကော အက်ဖ်စီအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

တိုယိုတာမဲခေါင်ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲကို ယခင်နှစ်က အသင်းလေးသင်းဖြင့် အကြိုဗိုလ်လုပွဲအဆင့်မှ စတင်ယှဉ်ပြိုင်ခဲ့သော်လည်း ယခုနှစ်တွင် ထိုင်းနိုင်ငံ ပါဝင်လာသည့်အတွက် အဆင့်သုံးဆင့်ခွဲကာ ယှဉ်ပြိုင်ရခြင်း ဖြစ်သည်။

အဆင့်သတ်မှတ်ချက်အရ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုမှ ကလပ်အသင်းတို့ ပထမအဆင့်တွင် ပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ရခြင်းဖြစ်သည်။

ဒုတိယအဆင့် (အကြိုဗိုလ်လုပွဲ)တွင် ဗီယက်နမ်ကလပ်နှင့် လည်းကောင်း၊ ဗိုလ်လုပွဲတွင် ထိုင်းကလပ်နှင့် လည်းကောင်း ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ပထမအဆင့် ပထမပွဲတွင် ကမ္ဘောဒီးယားကလပ် ဘိုယန် ကျပ်အန်ကောအက်ဖ်စီ အသင်းက လာအိုတိုယိုတာ အသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိထားသည်။ ထို့ကြောင့် နှစ်ပွဲဆက် ရှုံးနိမ့်ထားသည့် လာအိုတိုယိုတာအသင်းက ပထမအဆင့်ကို နှုတ်ဆက်သွားပြီ ဖြစ်သည်။

ပထမအဆင့် နောက်ဆုံးပွဲစဉ်တွင် ဂိုးကွာခြားချက် အသာရရှိထားသည့် ရန်ကုန်အသင်းက ကမ္ဘောဒီးယားကလပ်ကို သရေရလဒ်ရရှိရုံဖြင့် နောက်တစ်ဆင့်သို့ တက်ရောက်ခွင့် ရရှိမည်ဖြစ်သည်။

Credit : 7Day Daily

No comments:

Post a Comment