Sunday, April 10, 2016

ထွန်းထွန်းမင်းနှင့်ယှဉ်ပြိုင်ရန် ပြည်တွင်းပြိုင်ဘက် ရှားပါးဟု ရိုးရာလက်ဝှေ့ပြိုင်ပွဲစီစဉ်သူများပြော

 မြန်မာပြည်ချန်ပီယံ ထွန်းထွန်းမင်းကို စိန်ခေါ်ယှဉ်ပြိုင် မည့် ပြည်တွင်းလက်ဝှေ့သမား များ ရှားပါးသွားပြီဖြစ်ကြောင်း ပြိုင်ပွဲစီစဉ်သူများက ပြောကြား သည်။

‘‘ထွန်းထွန်းမင်းကို ယှဉ်ပြိုင် နိုင်မယ့် ပြည်တွင်းလက်ဝှေ့သမား မရှိသလောက် ဖြစ်သွားပြီ။နောက် ပွဲတွေ လုပ်မယ်ဆိုရင် သူရဲ့ ပြိုင် ဘက်က ပြည်ပကပဲ ဖြစ်တော့ မယ်။ ပြည်တွင်းကစားသမားတွေ မှာ သူ့ကိုမီတဲ့သူမရှိတော့ဘူး’’ဟု ပြိုင်ပွဲစီစဉ်သူ တစ်ဦးဖြစ်သည့် ဦးဝဏ္ဏက ပြောကြားသည်။

ထွန်းထွန်းမင်းသည် နောက် ဆုံးပြိုင်ပွဲအဖြစ် ဧပြီ ၂ ရက်က ရန်ကုန်မြို့ သိမ်ဖြူအားကစားရုံ၌ ကျင်းပခဲ့သည့် မြန်မာ-ရုရှား ချန် ပီယံများ၏ စိန်ခေါ်ပွဲတွင် ရုရှား နိုင်ငံလုံးဆိုင်ရာ မြန်မာ့ရိုးရာလက် ဝှေ့ချန်ပီယံ လုဒ်ဝခ်ဒိုခိုယန်နှင့် ယှဉ်ပြိုင်ခဲ့သည်။ ၎င်းပွဲတွင် ထွန်း ထွန်းမင်းက လုဒ်ဝခ်ဒိုခိုယန်ကို ပထမအချီ၌ အလဲထိုးဖြင့် အနိုင် ရရှိခဲ့ပြီး ထွန်းထွန်းမင်း၏ ဒူး တိုက်ချက်ကြောင့် ပြိုင်ဘက်လက်ဝှေ့သမား နံရိုးကျိုးခဲ့သည်။

 ‘‘ထွန်းထွန်းမင်းကို အကောင်းဆုံး ယှဉ်ပြိုင်နိုင်မယ့်သူ က အခုလက်ရှိမှာ နဂါးမာန်ကလပ်က တူးတူး တစ်ယောက်ပဲ ရှိတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက် က ဘယ်တော့မှမထိုးဘူးလို့ ဆုံးဖြတ်ထားပေမယ့် နှစ်ယောက် စလုံး အနားယူခါနီးရင် ထိုးဖြစ်မယ်လို့ ထင်တယ်။ လက်ရှိမှာ တော့ ပြည်တွင်းကစားသမားတွေ ထဲမှာ ထွန်းထွန်းမင်းရဲ့ ပြိုင်ဘက် ကောင်းကို မတွေ့သေးဘူး’’ဟု ရိုးရာလက်ဝှေ့ပွဲများ စီစဉ်သူ ဦးအောင်ကျော်မိုးက ပြောကြား သည်။

‘‘ထွန်းထွန်းမင်းကို တူးတူး က ဘယ်တော့မှ မထိုးဘူးလို့ ဆို ထားတယ်။ စိုးလင်းဦးက သူ့ကို ယှဉ်နိုင်ဖို့ ၀ိတ်တင်နေတယ်။  မိုး ရာသီလောက်မှာ ထိုးဖြစ်မယ်ထင် တယ်။ စောဂေါ်မူဒိုကလည်း ပထမပွဲ ရှုံးထားတာကြောင့် ပြင် ဆင်ပြီး ဒုတိယပွဲထပ်စိန်ခေါ်လာ နိုင်တယ်။ သူတို့တွေကလွဲပြီး ကျန်တဲ့ကစားသမားတွေ ထိုးဖို့ မဖြစ်နိုင်သေးဘူး’’ဟု ပြိုင်ပွဲစီစဉ် သူ ဦးစိုင်းဇော်ဇော်ကဆိုသည်။

အသက် (၂၅) နှစ်အရွယ်ရှိ ထွန်းထွန်းမင်းသည် ကစားသမား သက်တမ်းတစ်လျှောက် ပွဲစဉ် ပေါင်း ၁၀၀ ခန့် ယှဉ်ပြိုင်ခဲ့ပြီး တစ်ပွဲသာ ရှုံးနိမ့်ထားသည်။

ထွန်းထွန်းမင်းသည် ပြီးခဲ့ သော ဇန်န၀ါရီလအတွင်း စောဂေါ်မူဒိုကို အနိုင်ယူခဲ့သည့် မြန်မာပြည်ချန်ပီယံ စိန်ခေါ်ပွဲပြီး နောက် နောင်လာမည့်ပွဲစဉ်များ ကို ပြည်တွင်းလက်တွေ့သမား များနှင့် ပြိုင်ဘက်အသွင် ယှဉ် ပြိုင်ထိုးသတ်လိုခြင်းမရှိဘဲ ပြည်ပ လက်ဝှေ့သမားများနှင့် ယှဉ်ပြိုင် ကာ ရိုးရာလက်ဝှေ့ကို ကမ္ဘာကသိ အောင် ဖော်ထုတ်လိုသည်ဟုပြော ကြားခဲ့သည်။ ထွန်းထွန်းမင်းသည် မြန်မာပြည်ပထမတန်း ချန်ပီယံ ဘွဲ့ကို ၂၀၁၄ အတွင်း စောငမန်း ထံမှ လွှဲပြောင်းရယူခဲ့သည်။

Credit – 7daydaily



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment