လက်စတာ စီးတီးအသင်းဟာ နောက်လာမယ့် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ ထိပ်သီး (၁၀) သင်းအဆင့်မှာ ပါဝင်ဖို့တစ်ခုထဲကိုသာ ပစ်မှတ်ထားထားတယ်လို့ လက်စတာနည်းပြ ရာနီရေရီက ပြောကြားခဲ့ပါတယ်။ လက်ရှိအချိန်မှာ လက်စတာအသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် (၁) နေရာမှာ ရပ်တည်နေပြီး ဒုတိယနေရာက စပါးအသင်းကို (၅) မှတ်အသာနဲ့ ဦးဆောင်နေကာ လက်ကျန်ပွဲစဉ်တွေဟာလည်း (၄) ပွဲသာကျန်ရှိတော့တာကြောင့် အခုနှစ်ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ်ဖလားကို ရရှိဖို့ အလွန်နီးစပ်နေပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်စတာနည်းပြ ရာနီရေရီကတော့ အခုနှစ်မှာ လက်စတာအသင်း ဖလားရခဲ့ရင်တောင်မှ လာမယ့် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ဖလားကို ရယူဖို့ထက် အမှတ်ပေးဇယားရဲ့ ထိပ်ဆုံး (၁၀) သင်းစာရင်းမှာသာ ပါဝင်ဖို့ ပစ်မှတ်ထားထားတယ်လို့ ၀န်ခံပြောကြားခဲ့ပါတယ်။ “ဒီနှစ်ကတော့ တော်တော်ကို ထူးခြားတဲ့နှစ်တစ်နှစ်ပါ။ ကျွန်တော်တို့ ဒါကို သိပါတယ်။ ကျွန်တော် လက်စတာအသင်းကို စရောက်ချိန်မှာ ကစားသမားတွေကို ကြည့်ပြီးတော့ ကောင်းတဲ့ရလာဒ်တစ်ခုခုလုပ်နိုင်မယ်လို့ တွေးထင်ခဲ့ပါတယ်။ ကျွန်တော်တို့အသင်းဟာ အသင်းလေးအဖြစ် မှတ်ယူခံခဲ့ရပြီး အခွင့်အရေးနည်းတဲ့ အသင်းအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ အခုတော့ ကျွန်တော်တို့ ကောင်းကောင်းမွန်မွန် လုပ်ပြနိုင်ခဲ့ပါပြီ၊ ဒါပေမယ့်လည်း ကျွန်တော်တို့ အခုလို အဆင့် (၁) နေရာရောက်နေတာဟာ အခြား အသင်းကြီးတွေရဲ့ ခြေချော်မှုတွေကြောင့်ဖြစ်ပါတယ်။ နောက်နှစ်ဘောလုံးရာသီမှာတော့ ရေပန်းစားနေတဲ့ အသင်းကြီးတွေဟာ ဒီနှစ်လိုမျိုး ခြေချော်မှုတွေ မဖြစ်နိုင်ပါဘူး။ အဲဒါကြောင့် သဘာဝကျကျတွေးမယ်ဆိုရင် နောင်နှစ်ဘောလုံးရာသီမှာ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံး (၁၀) သင်းစာရင်းမှာ ပါဝင်ဖို့ပဲ ဖြစ်သင့်ပါတယ်” လို့ ရာနီရေရီကပြောကြားခဲ့ပါတယ်။
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment