အဲဗာတန် အနေဖြင့် အရှုံးနှင့် မထိုက်တန်ခဲ့ကြောင်း မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်က ဝန်ခံခဲ့သည်။
ယူနိုက်တက်သည် ပရီးမီးယားလိဂ် သမိုင်းတလျှောက် ယူနိုက်တက်၏ အိုးလ်ထရက်ဖို့ဒ် ဂိုး(၁၀၀၀)ပြည့်အဖြစ် အန်သိုနီ မာတီရယ်လ် သွင်းယူသည့် တစ်လုံးတည်းသော ဂိုးဖြင့် ဧည့်သည် အဲဗာတန်ကို အနိုင်ရခဲ့သည်။ ထိုပွဲတွင် ကလပ်အသင်း ဂန္ထဝင် ဆာဘော်ဘီ ချာလ်တန်အတွက် ရည်စူးဂုဏ်ပြုသော အခမ်းအနား တစ်ရပ်ကိုလည်း ကျင်းပခဲ့ပြီး ယူနိုက်တက်က (၃)မှတ် အပြည့် ယူနိုင်ခဲ့သဖြင့် ပိုမို ပြည့်စုံသော ညတစ်ည ဖြစ်လာသည်။ သို့သော်လည်း ဗန်ဂါးလ်က အဲဗာတန်၏ အကောင်းဆုံး တုံ့ပြန်ပုံကို ချီးကျူးခဲ့ပြီး မိမိတို့ အနေဖြင့် ကံကောင်း၍ (၃)မှတ် ပိုင်ဆိုင်ခဲ့ခြင်းဟု ဝန်ခံခဲ့သည်။
ထိပ်ဆုံးလေးသင်းတွင် ပါဝင်ခွင့် မျှော်လင့်ချက်များ ရှင်သန်လာစေသည့် အဆိုပါ နိုင်ပွဲနှင့် ပတ်သက်ပြီး ဗန်ဂါးလ်က “အနည်းနဲ့အများတော့ ဒီပွဲရလဒ်ကို ကျွန်တော်တို့ လုယူလိုက်သလို ခံစားရပါတယ်။ ကျွန်တော်တို့ သိပ်ပြီး ကောင်းကောင်း မကစားနိုင်ခဲ့ဘူးလေ။ ပွဲအတွက် ပြင်ဆင်ဖို့ အပိုဆောင်းရက်တွေ ရခဲ့ပေမယ့် အသင်းက သိပ်ပြီး မလန်းဆန်းသလို ဖြစ်နေတယ်။ နိုင်ငံတကာ နားရက်အပြီး ကစားသမားတွေ ဘယ်လို အနေအထားနဲ့ ပြန်ရောက်လာကြသလဲ ဆိုတာကို ကျွန်တော် သေချာမသိဘူး”ဟု ဆိုသည်။
၎င်းက “ကျွန်တော်တို့ သိပ်ကို ကောင်းမွန်တဲ့ ဂိုးတစ်ဂိုး သွင်းနိုင်ခဲ့တယ်။ ဒါကိုတော့ ကျွန်တော် သေချာပေါက် ပြောနိုင်ပါတယ်။ နိုင်ခဲ့လို့ ကျွန်တော် ပျော်ပါတယ်။ ဒါပေမဲ့ အဲဗာတန်က (၂)ဂိုးလောက် ရသွားနိုင်ခြေ ရှိခဲ့တယ်။ ဒီတော့ ကျွန်တော်တို့အသင်း ကံကောင်းခဲ့တယ်လို့ ပြောရပါမယ်”ဟုလည်း ဝန်ခံ ပြောကြားသွားသည်။
Credit – soccer myanmar
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment